ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ဘော်ကြိုအနီးရှိ ကျင်သီတံတား စစ်တပ်စခန်းကို TNLAက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၁၂ရက်) နံနက် ၅နာရီ ခွဲခန့်က ကျင်သီတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် – TNLA က သိမ်းပိုက်ခဲ့သဖြင့် ကျောက်မဲမြို့နှင့် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ညကတည်းက လက်နက်ကြီးပစ်နေကြတာ။သီပေါနဲ့ ကျောက်မဲဘက်က စစ်တပ် ၂ ခုပေါင်းပြီး ဆက်တိုက်ပစ်နေတာပေါ့။ကျင်သီဂိတ်ကိုတော့ TNLAက သိမ်းလိုက်ပြီ” ဟု ၎င်းက ပြောသည်။
ကျောက်မဲမြို့အခြေစိုက် ၂မိုင်ကုန်းတပ်ရင်းမှ ကျင်သီတံတားရှိ စစ်တပ်ဂိတ်အနီးသို့ ယနေ့နံနက် ၈ နာရီခန့်မှစတင်ကာ လက်နက်ကြီး ၁၀လုံးထက်မနည်းပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၂နာရီခန့်တွင် ပြန်လည်ငြိမ်သက်သွားကြောင်း ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
“ ၂မိုင်ကုန်းဘက်ကနေလက်နက်ကြီးနဲ့လှမ်းထုနေတာ ၁၀ ချက်လောက်ရှိတယ်သေနတ်ပစ်တဲ့အသံတွေရောပဲ။နေ့လည်၂ နာရီလောက်မှရပ်သွားတာ။ရဟတ်ယာဉ်တွေလည်းပျံနေတယ်။ကျင်သီတံတား ကျိုးတာတော့မဟုတ်ဘူး။ မိုင်းထိပြီး လမ်းနည်းနည်းပျက်သွားတာပါ” ဟု ၎င်းက ပြောသည်။
ကျောက်မဲမြို့ကို TNLAတပ် က ဝင်ရောက်တိုက်ခိုက်မည်စိုးသဖြင့် ပြင်ဦးလွင်မြို့ဘက်မှ စစ်ကူများ စေလွှတ်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
“ ဒီနေ့နေ့လည် ၁နာရီ ၄၇မိနစ်က ကျောက်မဲကို စစ်ကူလွှတ်ပေးနေတာပေါ့။အင်အားက စစ်သားတွေ အပြည့်တင်လာတဲ့ ဟီးနိုး ၃ စီးကို မိုင်းလုံဘက်ကနေ လွှတ်တာ” ဟု ၎င်းက ပြောသည်။
ကျင်တီတံတားမှာ လက်နက်ကြီးဒဏ်နှင့် မိုင်းထိကာ လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားကြောင်း သိရသည်။






