စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲတွင် စစ်သား ၅၀ခန့်သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိကြောင်း သိရသည်။
စစ်ဦးစီးရုံး အမှတ်-၁ စစ်ဒေသ၏ ကောလင်းမြို့သိမ်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်ကို ယနေ့ (နိုဝင်ဘာ၁၀ရက်)နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းပကဖ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြခဲ့သည်။
မြို့သိမ်းတိုက်ပွဲတွင် လက်နက်ကြီး၊ငယ် စုစုပေါင်း ၆၉ လက်၊ Jammer ၄ ခု၊ ကျည်အမြောက်အမြားနှင့် ရန်သူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကောလင်းမြို့အထက်တန်းကျောင်း၊ထွေအုပ်ရုံး၊မြို့မရဲစခန်း၊ ရွှေနွယ်ဖြိုး လက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့မှ အဓိက ခုခံခဲ့ခြင်းဖြစ်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူးပေါင်းအဖွဲ့တို့က မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ကာ ဖြတ်တောက်ရေးအနေဖြင့် ကောလင်းခရိုင် အမှတ် (၃၊ ၄) တပ်ရင်းနှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း စစ်ဦးစီးရုံး အမှတ်-၁ စစ်ဒေသ ကထုတ်ပြန်သည်။
ကောလင်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ၃ ရက်၊နံနက် ၄ နာရီခန့်တွင် စတင်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်၊ ည ၇ နာရီအထိ ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
၃ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှင့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုပေါင်း ၄၉ ကြိမ် ပြုလုပ်ခဲ့သလို ဝန်းသိုမြို့မှနေ၍ ဟောင်ဝှစ်ဇာအမြောက် ဖြင့် အချက် ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” ကျွန်မတို့ကတော့ လောလောဆယ်အထိ ရှောင်နေရတယ်။ မြို့ပေါ်ကို မနေဖို့ ပြောထားတော့ မနေရဲဘူးလေ။ ကျန်းမာရေး ချို့တဲ့သူတွေ၊ကိုယ်ဝန်ဆောင် မိခင်တွေ၊ သက်ကြီး ဘိုးဘွား ၊ကလေးငယ်တွေပါတယ်။ကိုယ့်အိမ်ကိုယ်ယာနဲ့ မဟုတ်တော့ အဆင်ပြေမှုတော့ မရှိဘူးပေါ့” ဟု ကောလင်းမြို့ခံတစ်ဦးက MPA သို့ပြောသည်။
မြို့အသိမ်းခံရပြီးနောက် မြောက်ဘက်သို့ ထွက်သွားသော စစ်တပ်သည် မိုးကောင်းတောင်ပေါ်တွင် ရှိနေပြီး ကောလင်းမြို့တွင်းလုံခြုံရေးကို ကောလင်းပကဖနှင့် ပလဖ တို့က တာဝန်ယူထားကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
” မြို့ပေါ်ရပ်ကွက်တွေ လက်နက်ကြီးထိမှန်လို့ လျှစ်စစ်မီးများပြတ်တောက်နေပြီး ကောလင်းမြို့လျှပ်စစ်တာဝန်ခံဦးဆောင်ပြုပြင်နေပြီး ဒီနေ့ လျှပ်စစ်မီးရအောင်လည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းကပြောသည်။
ကောလင်းမြို့ခံပြည်သူအချို့မှာ မိမိတို့အိမ်သို့ ပြန်လာကာ လိုအပ်သော ပစ္စည်းများ ထုတ်ယူပြီး နောက် ကျေးရွာများဘက်သို့ ပြန်ထွက်သွားကြကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။




