စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၇ရက်)၊ မနက်ပိုင်း၌ ပျူစောထီးများလိုက်ပါလာသည့် ယာဉ်နှစ်စီး ကို PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီးတစ်ဦးသေဆုံးပြီး၊ ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ဆင်တပ်ရွာ၊ မာလဲတောရွာမှ ပျူစောထီးများ လိုက်ပါလာသည့် ယာဉ်နှစ်စီးကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဒီနေ့ မနက် ၆နာရီခွဲလောက် မာလဲတောရွာကနေ စစ်ကိုင်း- ရွှေဘိုကားလမ်းဘက်ကိုထွက်လာတဲ့ ပျူစောထီးကားကို ရွာအထွက်လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ရိက္ခာပြတ်တော့ ဈေးထွက်၀ယ်ဖို့အတွက် ရွာအ၀င်လမ်းမှာ မိုင်းထွက် ရှင်းတာ။ မိုင်းရှင်းနေတဲ့ပျူတွေ ဖြုတ်ကွဲမိုင်းနဲ့ တွေ့ပြီး နေရာတင် ပျူတစ်ယာက် လဲကျသေတာ မျက်မြင်ဘဲ။ ၅ ယောက်ကတော့ ပြင်းပြင်းထန်ထန်ထိသွားတယ်။ မိုင်းထိတဲ့လူတွေတင်ပြီး မာလဲတောရွာထဲပြန်၀င်သွားတယ်။မိုင်းကွဲ တဲ့နေရာကို ကျနော်တို့ရှင်းလင်း ရေးလုပ်ပြီးပြီပါပြီ” ဟု တော်လှန်ရေး ရဲ ဘော်တစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့မနက်ပိုင်းကလည်း စစ်ကိုင်း- ရွှေဘို -မုံရွာလမ်း အောင်သာနှင့်ရွာသစ်ရွာ ကြား၌ ဆင်တပ်(ပျူရွာ)မှ ထွက်ခွာလာသော ပျူစောထီးယာဉ်အား ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ စစ်ကိုင်းမြို့ကို ဈေး၀ယ်ထွက်တဲ့ ဆင်တပ်ပျူကား မိုင်းဆွဲခံရတယ်။ မိုင်းဆွဲခံရတော့ ကားလမ်း ဘေးရမ်းသမ်းပစ် ခတ်တယ်။ မိုင်းထိတဲ့ လူတွေ ကိုကားပေါ်တင်ပြီး စစ်ကိုင်းဘက် အပြင်းမောင်းသွားတယ်။ ၅ယောက်တော့ ထိတယ်” ဟု မျက်မြင်တွေ့ရှိသည့်ပြည်သူတစ်ဦးကပြောသည်။
အထက်ပါ စစ်ဆင်ရေးကို Phoenix (SGG)၊ Unicorn Guerrilla၊ Fight For Federal၊ အညာသားလေး SGG၊ စစ်ကိုင်းမြို့နယ် ပကဖ နှင့် Black Catအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ် လက်နတ်တပ်ဆင် ပေးထားသည့် ကြွယ်ပုံ၊ မာလဲတော၊ ဆင်တပ်၊ ညောငုတ်တိုရွာမှ ပျူစောထီးများ သည် စစ်ကောင်စီတပ်သားများဖြင့် ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၆ရွာအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံပြည်သူများထံမှသိရသည်။