စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းပေါ် ရှိ စစ်ကောင်စီဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက်၊ နံနက် ၅ နာရီခန့်က အင်အား ၄၀ ဝန်းကျင်ရှိ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး ၆၀(မမ) ၁လက်၊ ဗုံးသီး ၅ လုံးနှင့် ကာဘိုင်သေနတ် ၄လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ကျနော်တို့ စခန်းကို ဝိုင်းထားပြီး အနီးကပ်ရောက်မှ စပစ်တယ်။ ဝိုင်းပြီး စပစ်ပြီဆိုကတည်းက စစ်သား ၁၅ ယောက်လောက်က ထွက်ပြေးတာ မြင်လိုက်ရတယ်။ ကျန်တဲ့သူတွေက ကတုတ်ကျင်းတွေ ဘန်ကာတွေထဲမှာ နေရာယူပြီး ပြန်ပစ်ကြတယ်။ ကျနော်တို့ ဝင်ဖြိုတဲ့အခါမှာ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတယ်။ ဒါပေမဲ့၊ ဖြိုနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ထွက်ပြေးသွားသည့် စစ်သား ၁၅ ယောက်ကို လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၎င်းတို့၏ လက်နက်များလည်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းဂိတ်စခန်းကို ကတုတ်ကျင်း၊ ဘန်ကာ၊ ဆက်သွယ်ရေးတူးမြောင်းတို့ဖြင့် အခိုင်အမာတည်ဆောက်ထားသည့်အတွက် ဝင်ရောက်ဖြိုချိန်၌ PDF ရဲဘော် ၆ ဦးကျဆုံးကာ ၈ ဦး ဒဏ်ရာရသည့်အတွက် ဆေးကုသရန် ကယ်ထုတ်ခဲ့ရကြောင်း ၎င်းကပြောသည်။
” ကျနော်တို့က ကွင်းပြင်ကြီးမှာ တိုက်ရတာ။ ကျည်ကွယ်မျက်ကွယ်ဆိုတာမရှိဘူး။ ဘန်ကာကိုဝင်လုံးပြီး သိမ်းရတာဆိုတော့ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုရှိတာပေါ့။ ကျတဲ့ ၅ ယောက်က တိုက်ခိုက်ရေးရဲဘော်။ ၁ ယောက်က ဆေးတပ်သား။ သူက ဒဏ်ရာရတဲ့သူကို တက်ဆွဲရင်း ကျသွားတာ” ဟု ၎င်းကပြောသည်။
ယင်းဂိတ်စခန်းကို တိုက်ခိုက်ပြီးချိန်၌ မုံရွာဘက်မှ စစ်ကား ၅ စီး ဆင်းလာသဖြင့် ကျဆုံးသွားသည့် ရဲဘော် ၆ ဦးထဲက ၂ဦး၏ ရုပ်အလောင်းလည်း ကောက်ချိန်မရလိုက်သလို လေးလံသည့် လက်နက်ခဲယမ်းများလည်း ကောက်ချိန်မရလိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ရဲဘော်တဦးကပြောသည်။
” ကျနော်တို့ ကပ်ထားတဲ့နေရာနဲ့ သူတို့စခန်းကြားမှာ ကွင်းပြင်ကြီးရှိတယ်။ သတ်ကွင်းလိုပဲ။ ဒါပေမဲ့ ကျနော်တို့က ပစ်တက်တက်တယ်။ကျနော်တို့စခန်းကို လုံးလုံးသိမ်းလိုက်နိုင် တယ်။ ဒါပေမဲ့ အ နောက် မှာ ဘက်ဆုံစစ်တပ်ဂိတ်ရယ်၊ မြို့ပေါ်က ကားနဲ့လာရင်လည်း ခဏလေးပဲမို့ အဲ့မှာ သယ်ရတာလေးတဲ့ ၆၀(မမ)တို့၊ ၈၀(မမ)တို့ မသယ်နိုင်ခဲ့ဘူး” ဟု ၎င်းကပြောသည်။
မုံရွာမှ ဆင်းလာသော စစ်သားများသည် မုံရွာ-မန္တလေးလမ်းဘေးရှိ မုံရွာမြို့နယ်အပိုင် ရှစ်ဆယ်၊နွားထိန်းနှင့် မုံရွေးကျေးရွာထဲသို့ ဝင်ရောက်ပစ်ခတ်သဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။
နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်းတွင် ထိုဂိတ်စခန်းသို့ စစ်သားများ ပြန်လည်ရောက်ရှိလာကာ ဖြတ်သန်းသွာလာနေသော ပြည်သူများကို စစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၆ မှဦးဆောင်၍ ချောင်းဦးမြို့နယ်ပကဖနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေဖြင့်သီခြားအတည်မပြုနိုင်ပေ။

