ကချင်ပြည်နယ်၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယနေ့ (အောက်တိုဘာ ၃၁ ရက်)၊ မွန်းလွဲ ၂ နာရီခွဲခန့်၌၊ အဲန်လော့ဘွမ်တောင်ကုန်းသို့ စစ်ကောင်စီတပ်မှ တိုက်လေယာဥ်သုံးစီးဖြင့် ဗုံးသုံးလုံးကြဲခဲ့ခြင်းဖြစ်သည်။
“ ကျတော်က အဲ့ဒီနားမှာရောက်နေတာ၊ အသံနဲ့ပေါက်ကွဲမှု့အားကိုတော့ မျက်မြင်တွေ့ရတယ်။ ဘယ်လို အမျိုးအ စားသုံးလဲ ဆိုတာတော့ မသိဘူးဗျ” ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု့ကို လိုင်ဇာမြို့ပေါ်မှပင် တွေ့မြင်ရပြီး၊ ဒေသခံများအနေဖြင့် ဘေးလွတ်ရာနေရာ များသို့ ရွေ့ပြောင်းနေလျက်ရှိသည်။
“ မြို့နဲ့က အရမ်းကပ်တယ်။ ပေါက်ကွဲမှုအသံက အတော်ကိုကျယ်တယ်။ အခု လေကြောင်းသုံးတာမှာ အိမ်တွေလည်း တုန်တယ်။ နားတွေပါအူတယ်။ အားလုံးလည်း အထိတ်တလန့်ဖြစ်ရတာပေါ့” ဟု လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ယနေ့ (အောက်တိုဘာ ၃၁ ရက်)၊ မနက်ပိုင်း၌လည်း ဝိုင်းမော်မြို့အနီး စစ်ကောင်စီ၏ အထိုင်ချတပ်စခန်းများဖြစ်သည့် ကန်ဒေါင်ယန်နှင့် မလိ စခန်းနှစ်ခုကို KIA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။