၁၀၂၇ စစ်ဆင်ရေးအဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဦးဆောင်ပြီး PDF များနှင့် ပူးပေါင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီအခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ရာ၊ စစ်စခန်း ၇၀ ခန့်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MNDAA မှ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက MPA သို့ အတည်ပြုပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်းမြို့များရှိ စစ်ကောင်စီစခန်း ၇၀ ကို ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် စစ်ကောင်စီသေဆုံးမှု ကတော့ တစ်ရာကျော်ရှိပါတယ်။ အသေး စိတ်တော့ မသိရသေးဘူး။ ဒီနေ့ သိန္နီမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ရဲစခန်းနှင့် ထွေးအုပ်ရုံးကို သိမ်းနိုင်ခဲ့တယ်။ စစ်သုံးပန်ကိုလည်း ဆယ်ယောက်လောက် ဖမ်းမိတယ်။ လေးရက်တာတိုက်ပွဲအတွင်းမှာ စစ်စခန်း ၇၀ လောက်သိမ်းပိုက်ထားနိုင်တယ်”ဟု လီကျာဝင်းက ပြောသည်။
ထို့ပြင် သိန္နီမြို့အနီးပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသောကြောင့် မြို့ဝင်လမ်းများကို ပိတ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကွမ်လုံလမ်းခွဲမှာ မြေတွေတူးပြီး လမ်းတွေပိတ်ထားတယ်။ ကားက သွားလို့မရသေးဘူး။ ဆိုင်ကယ်လမ်းနဲ့ လူသွားလမ်းပဲရတယ်”လို့ သိန္နီမြို့ခံတစ်ဦးက ပြောသည်။
ယင်းအပြင် ယနေ့ (အောက်တိုဘာ ၃၀ရက်) တွင် မုံးကိုးဒေသရှိ စစ်ကောင်စီ တပ်စခန်း ၅ခုကို ညီနောင်မဟာမိတ် သုံးဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း လီကျာဝင်းက ဆက်လက်ရှင်းပြသည်။
၁၀၂၇ စစ်ဆင်ရေးအား ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့အပြင် မဟာမိတ်များဖြစ်သည့် MDY PDF၊ BPLA,၊NSSAAန၊ PLAတို့ပါ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ် သည်။
ထို့ပြင် စစ်ကိုင်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေးအဖြစ် AA မှ ဦးဆောင်ကာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများပြုလုပ်နေကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီစခန်းအများအပြားဆုံးရှုံးခဲ့ပြီးနောက်၊ စစ်ကောင်စီသည် လေကြောင်းအသုံးပြု ကာ တန်ပြန်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများလည်းရှိခဲ့သည်။