မန္တလေးတိုင်း၊မတ္တရာနှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ရွာ၆ရွာကို စစ်ကောင်စီ တပ်က မီးရှို့ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့မှ သံခွန်မော်တော် ၂ စီး ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ် သည် အောက်တိုဘာ၂၅ ရက်၊မွန်းလွဲ ၂ နာရီကျော်မှ စတင်ကာ မတ္တရာမြို့နယ်၊သဖန်းဒေါင့်ရွာနဲ့ငယ်တိုးကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
” စစ်သားကအင်အား ၈၀ ဝန်းကျင်ရှိမယ်ဗျ၊ မော်တော်ပေါ်ကနေ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို လှမ်းပစ်ပြီးမှ ရွာထဲဝင်တာ။သဖန်းဒေါင့်ရွာနဲ့ ငယ်တိုးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဘက် တိုက်ပွဲ ၁၅ မိနစ်လောက်ကြာခဲ့ပါတယ်။ သူတို့ဘက်က သင်္ဘောတစ်စီး ထိမှန်ခဲ့တယ်။ အဲ့ဒါပြီး ရွာကိုမီးရှို့တာပါ “ ဟု ၎င်းကပြောသည်။
ယင်းနောက် ညနေပိုင်းတွင် စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
” ညနေ ၆ နာရီလောက်ကစပြီးကြက်တူရွေးရွာကိုလက်နက်ကြီးပစ်ဝင်ပြီး စရှို့တာ။ ပြီးမှ ဟင်္သာဖို၊ဟင်္သာမ၊သဲအင်းရွာတွေကိုရှို့တာ။ ဘာပစ္စည်းတွေမသိ မိုးကာအုပ်ပြီး မောင်းသွားတယ်။ဝန်အပြည့်နဲ့ “ ဟု ဒေသခံတစ်ဦးကပြောသည်။
ယနေ့(အောက်တိုဘာ ၂၆ရက်) နံနက် ၁၀ နာရီခန့် တွင် သဖန်းဒေါင့်ရွာဘက်သို့ ပြန်သွားကာ သဖန်း ဒေါင့်ရွာကို ထပ်မံ မီးရှို့ကြောင်း သိရသည်။
“ စဉ်.ကူးနယ်က ကြက်တူး ရွေး၊ သဲအင်းကတော့ မကြာ ခဏ စစ်ကြောင်းထိုးနေတဲ့အတွက် အနီးနားက ရွာသာယာလို့ခေါ်တဲ့ပျူရွာလည်း ရှိနေတော့ အနီးနားရွာတွေ မကြာခဏစစ်ရှောင်ရတာတွေရှိတယ်။ မတ္တရာဘက်ကတော့ ဒီမနက် ၈ ရွာလောက် စစ်ရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် မတ္တရာနှင့် စဥ့်ကူးမြို့နယ်ရှိ ဒေသခံ တစ်သောင်းခန့် စစ်ရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မတ္တရာမြို့နယ်၊သဖန်းဒေါင့်ရွာက အိမ်တစ်လုံးနှင့် ငယ်တိုးရွာက အိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့ရပြီး စဥ့်ကူးမြို့နယ်၊ရွာ ၄ ရွာက အိမ်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပေ။