၂၀၂၃ ခုနှစ်၊ ၄ လတာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၂ ဦးသေဆုံး၍ ၁၆၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုသေတန အဖွဲ့က ထုတ်ပြန်သည်။
၂၀၂၃ခုနှစ်၊ မေလမှ ဩဂုတ်လထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ် ပြုလုပ်ခဲ့ရာ ပျမ်းမျှအားဖြင့် ၁ ရက်လျှင် ၂ ကြိမ်နှုန်း ဖြစ်ကြောင်း ဉာဏ်လင်းသစ် သုသေတနအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဘာသာရေးအဆောက်အအုံ ၃၃ ခု၊စာသင်ကျောင်း ၁၇ ကျောင်းနှင့် ဆေးရုံ၊ဆေးခန်း ၄ ခုတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်တပ်က မြေပြင်တိုက်ပွဲတွေမှာ အထိနာတိုင်း လေကြောင်းပစ်ကူပေးနေရုံတင်မကပါဘူး။အရပ် သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို တောက်လျှောက်လုပ်နေတာ မကြာသေးခင်က မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုက သက်သေပါပဲ။ ဘာ့ကြောင့် လုပ် နေတာလဲဆိုတော့ စစ်တပ်က အရပ်သားပြည်သူတွေကို ဘယ်လိုပဲ အစုလိုက်အပြုံလိုက် တိုက်ခိုက် နေပါစေ နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝအရေးယူမှုမရှိလို့ပဲ” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြော သည်။
၄ လတာ လေကြောင်းတိုက်ခိုက်မှုများမှာ ကရင်နီ ဒေသတွင် ၇၁ ကြိမ် ၊ စစ်ကိုင်းဒေသ တွင် ၆၉ ကြိမ်၊ ချင်းဒေသ တွင် ၂၉ ကြိမ် ၊ကရင်ဒေသတွင် ၂၃ ကြိမ်၊ ကချင်ဒေသတွင် ၂၂ ကြိမ်၊ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၄ ကြိမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၂ ကြိမ်၊ ပဲခူးဒေသတွင် ၁၁ ကြိမ်၊ မကွေး ဒေသတွင် ၁၀ ကြိမ်၊ မွန်ဒေသတွင် ၆ ကြိမ်၊တနင်္သာရီနှင့် မန္တလေးတွင် ၂ ကြိမ် စီနှင့် နေပြည်တော် တွင် ၁ ကြိမ် ရှိခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၄၇၈ ကြိမ်၊ ၂၀၂၂ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃၃၉ကြိမ်နှင့် ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီမှ ဒီဇင်ဘာအထိ လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ် ရှိခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း သိရသည်။
“နောက်ထပ်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်များဖို့ပဲရှိပါတယ်။ဘာလို့လဲဆိုတော့ စစ်တပ် ရဲ့အဓိက အားကိုးရာက လေကြောင်းတိုက်ခိုက်မှုဖြစ်နေလို့ပဲ” ဟု နိုင်ငံရေးသုံးသပ်သူက ဆက်ပြော သည်။
ပုလဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရသည့် ရွာများမှ ပြည်သူတို့မှာ လေယာဉ်သံကြားတိုင်း တုန်လှုပ်ခြောက်ခြားနေကြရကြောင်း ပုလဲမြို့နယ်နေ ပြည်သူတစ်ဦးကပြောသည်။
“ကျနော်တို့ဆီက ညောင်ကုန်းနဲ့ ပိတောက်ကုန်းရွာသားတွေဆို ဘာတိုက်ပွဲမှလည်း မဖြစ်ဘဲ ရွာကို လေ ယာဉ်နဲ့ လာဗုံးကြဲသွားတော့ အခုဆို လေယာဉ်သံကြားတာနဲ့ ကယောင်ကတမ်း ဖြစ်ကုန်ပြီ။ လက်ယက်ကုန်းရွာက လေယာဉ်ပေါ်ကနေ အပစ်ခံရတဲ့ကလေးတွေဆို တော်တော်စိတ်ဒဏ်ရာရမှာ သေချာတယ်” ဟု ၎င်းကပြောသည်။
၂၀၂၃ခုနှစ်၊ဇွန်၂၇ ရက်က ပုလဲမြို့နယ်၊ညောင်ကုန်းရွာနှင့် ပိတောက်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ သည်။
၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ မှ၂၀၂၃ခုနှစ် ၊ဩဂုတ်လအထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ် သားပြည်သူ ၆၈၇ ဦး သေဆုံးကာ ၄၅၈ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဉာဏ်လင်းသစ် သုသေတန အဖွဲ့က ထုတ်ပြန်ထားသည်။