မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ ရေးတံတားကြီးဂိတ်စခန်းနှင့် ဆက်စပ်တိုက်ပွဲတွင် ဗိုလ်ကြီး၃ဦးအပါအဝင် စစ်သား၄၅ဦးသေဆုံးကြောင်း သိရသည်။
အောက်တိုဘာလ ၂၀ရက်၊နံနက် ၆နာရီ၊ မိနစ် ၅၀ခန့်က ရေးမြို့နယ်အခြေစိုက် ခလ၇ – ၆၁နှင့် အမတ – ၃၁၆ တပ်ရင်းနှစ်ခုကြားရှိ ရေးတံတားကြီး စစ်ဆေးရေး ဂိတ်စခန်းကို ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“ ရန်သူအင်အား ၁၀၀ကျော်နဲ့ ၄၅မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်တယ်။စခန်းကုန်းတော့ မသိမ်းနိုင်ခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။
ယင်း တိုက်ပွဲအတွင်း အမတ-၃၁၆ တပ်ရင်း နှင့် ခလရ-၆၁ တပ်ရင်းများက ၆၀( မမ)၊ ၈၁ (မမ) လက်နက်ကြီး နှင့် စက်လတ်(၃) လက်တို့ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း နိုင်နဂါးက ပြောသည်။
ပြန်လည်ဆုတ်ခွာလာသည့် ပူးပေါင်းတပ် ရေးမြို့နယ်၊ကျုံလောင်းရွာနှင့် ဝဲပေါင်ရွာကြား ရွှေကျောက်တောင်ဘုရားမုခ်ဝအနီး ကားလမ်းနားသို့ရောက်ရှိချိန်တွင် စစ်တပ်က ကင်းပုန်းချ တိုက်ခိုက်သဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ ရေးတံတားကြီးဂိတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးအပါအဝင် ၁၈ဦးကျတယ်။ကျွန်တော်တို့ပြန်ဆုတ်တဲ့အချိန် ဖြစ်တဲ့တိုက်ပွဲမှာက ဗိုလ်ကြီး ၂ဦးအပါ ၂၇ဦးထပ်သေတယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ၂၀ရက်နေ့ တိုက်ပွဲတွင် ဒေါနစစ်ကြောင်း ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ABSDF တပ်ရင်း(၁)နှင့် YGF-ရေးပြောက်ကျားတပ်တို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၂၀ ရက်နေ့တိုက်ပွဲရဲ့ မနက်တိုက်ပွဲမှာ ရဲဘော် ၂ဦးထိတယ်။အဲ့ရဲဘော် ၂ ဦးကို နောက်တန်းပြန်ပို့ရင်း ရဲဘော် ၁၁ဦးထပ်ထိတာ။စုစုပေါင်း ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁၄ ဦးထိခိုက်ဒဏ်ရာရတယ်။၃ ဦးက ဒဏ်ရာပြင်းတယ်။အဲ့ထဲက ရဲဘော် ၂ ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်။လောလောဆယ် ဆေးကုသမှုပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ရေးတံတားကြီးဂိတ်စခန်း နယ်မြေအနီး စစ်သားအင်အား အများအပြားဖြင့် စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။
“ စစ်ကြောင်းထိုးရတာကတော့ လက်နက်နဲ့ပျောက်ဆုံး တပ်သားတွေကို ရှာဖို့ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့(အောက်တိုဘာ၂၂ရက်)နံနက် ၇ နာရီခန့်မှစတင်ကာ ရွှေကျောက်တောင်ဘုရားမုခ်ဝအနီးရှိ ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

