ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်၊ KIO ဌာနချုပ်အနီး၊ နမ့်ဆန်ယန် ကျေးရွာတစ်ဖက်ကမ်း ၊လိုင်လွမ့်အောင်ဂျာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သိမ်းပိုက် ခဲ့ကြောင်း၊ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ (အောက်တိုဘာ ၂၀ ရက်)၊ နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း၊ စစ်ကောင်စီတပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားလေတပ်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
“ နေ့လယ် ၁၂ လောက်ကတည်းက ဖြစ်နေတာ ညနေထိပဲ။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ စစ်ကောင်စီစခန်းကို သိမ်းနိုင်ခဲ့တယ်” ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားသည့်အတွက် လိုင်လွမ့်အောင်ဂျာနှင့် နမ့်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက်ကို ဂျက်လေယာဥ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ စစ်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုများတယ်။ ကျတော်တို့ဘက်လည်း ထိခိုက်မှုများတယ်။ အသေးစိတ်မသိ ရသေးဘူး” ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ လိုင်လွမ့်အောင်ဂျာကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို KIA မှ သိမ်းပိုက်မှုဖြစ်စဉ်အတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
လိုင်လွမ့်အောင်ဂျာကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှုအတွင်း နှစ်ဘက်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသံ များကို လိုင်ဇာမြို့မှပင်ကြားရကြောင်း၊ ဒေသခံတစ်ဦးက ဆိုသည်။
“ လက်နက်ကြီးသံတွေ ညနေ ထိကို အဆက်မပြတ်ဘဲ။ တစ်ချို့အသံတွေဆို အိမ်တွေပါတုန်တယ်။ လေယာဥ်လည်း တက်တယ်လို့ သတင်းကြားတယ်” ဟု လိုင်ဇာမြို့၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လိုင်လွမ့်အောင်ဂျာ၌ စစ်ကောင်စီတပ်စခန်းသုံးခုရှိသည့်အနက် ဟဲလုံစစ်ကောင်စီတပ်စခန်းကို လွန်ခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၌ KIA တပ်များမှ သိမ်းယူရရှိခဲ့သည်။
KIO ဌာနချုပ်တည်ရှိရာ၊ လိုင်ဇာမြို့အနီးရှိ၊ နမ့်ဆန်ယန်၊ မဒီးယန်၊ အောင်ဂျာနှင့် လိုင်လွမ့်အောင်ဂျာကျေးရွာများ၌ ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစတင်ကာ နှစ်ဘက်ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပေါ်နေပြီး၊ စစ်ရေးတင်းမာလျက်ရှိသည်။