ပဲခူးတိုင်း၊ နတ်တလင်းမြို့၊ ဉာဏ်လည်ရွာသို့ စစ်ကြောင်းထိုးလာသည့်၊ စစ်ကောင်စီတပ်သည် Non CDM ဆင်ထိန်း ဝန်ထမ်းများကို၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ကြောင်း၊ Phoenix-D-F နှင့် CDM ဆင်ထိန်းများထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီ၊ စစ်ကြောင်းကို သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းရဲဘော်များနှင့် Phoenix-D-F ရဲဘော်များက အောက်တိုဘာ ၁၅ရက်နှင့် ၁၇ရက်နေ့က ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ CDMဝင်တာစောလို့ပဲ၊ မဟုတ်ရင် စစ်ကောင်စီရဲ့ လူသားဒိုင်းဖြစ်အုံးမယ်။ မိုင်းဆွဲတော့ သူတို့ (CDM မဝင်သောဝန်ထမ်း) အချို့ ထိခိုက်တာတွေရှိတယ်လို့ သိရတယ်။ ကျွန်တော်တို့မှာ ဆင် ၉ကောင်နဲ့ ဆင်ထိန်းမိသားစု ၃၀ကျော်ရှိပါတယ်” ဟု ဇူလိုင်လက CDMဝင်ခဲ့သည့် ဆင်ထိန်းတစ်ဦး၏ ပြောကြားချက်အရသိရသည်။
အထက်ပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ကြောင်း Phoenix-D-F ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောသည်။
“ စစ်ကောင်စီ အင်အားက ၃၆ယောက်လောက်ရှိမယ်။ အောက်တိုဘာ ၁၅ရက်နေ့ မနက်လောက်ကစထွက်လာတာ၊ရေကြောင်းကလာမယ်ထင်ပြီးစောင့်နေတာ၊ အောင်သုခရွာနောက်ကြားကနေ ဆင်သေဖျား ဥာဏ်လည်ရွာ ဆင်ဝိုင်း ဘက်ကို လာတာ” ဟု ဗိုလ်မိုးကြိုးက ရှင်းပြသည်။
အောက်တိုဘာ ၁၅ရက်၊ မနက် အစောပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို၊ တောင်ညိုကြီးရွာရှိ ဒေသခံများက တူမီးများနှင့်ပစ်ခတ်ခဲ့ပြီးနောက်၊ ယာခင်းထဲရှိ အသက် ၄၇နှစ် အရွယ် ကိုဖိုးဖြူနှင့် ကိုဝင်းဗိုလ်ကို ဖမ်းဆီးခဲ့ကြောင်း ဗိုလ်မိုးကြိုးထံမှ သိရသည်။
“ ပြည်သူတွေက သူတို့ရှိတဲ့တူမီးတွေနဲ့သွားပစ်သေးတယ်။ ကိုဖိုးဖြူကိုတော့ သူတို့နဲ့ဖမ်းခေါ်သွားတယ်။ ကိုဝင်းဗိုလ်ကို တော့ သေအောင်ရိုက်ပြီး ဖက်ရွက်တွေနဲ့ အုပ်ထားခဲ့ကြတယ်။ ရိုက်နှက်ပြီးထားခဲ့တဲ့ တစ်ယောက်ကိုတော့ ညတွင်း ချင်းမသေမှန်းသိပေမဲ့၊ အခြေအနေအရ သွားမကယ်နိုင်ဘူး။ ၁၆ရက်နေ့မနက်မှသွားကယ်ထုတ်ထားပြီး ကျန်းမာရေး ကုသနေရတယ်” ဟု ၎င်းက ဆိုသည်။
ထိုစစ်ကြောင်းကို အောက်တိုဘာ ၁၅ရက်နေ့၊ မနက် ၈နာရီခန့်တွင် ဉာဏ်လည်ရွာနှင့် ဆင်ဝိုင်းကြား၌ PDFတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကာ၊ sniperဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း Phoenix-D-F တပ်ခွဲမှူး ကိုခက်ဇော်က ပြောသည်။
“ sniperနဲ့ပစ်တာ မျက်မြင် တစ်ယောက်သေတယ်။ ထိတွေ့တိုက်ပွဲက နေ့လယ် ၂နာရီမှပြီးတယ်။ စစ်ကောင်စီဘက်က ဒဏ်ရာပြင်းထန်ရသူတွေများတယ်။ပြီးတော့ ဆင်ဝိုင်းထဲဝင်ပြီး ညအိပ်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကိုပင် အောက်တိုဘာ ၁၇ ရက်၊ မနက် ၈ နာရီခန့်တွင် ဆင်စခန်းမှ အပြန်၊ သပြေပြင်သုံးလုံးပြူးရွာ၌ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီခန့်တွင် ဉာဏ်လည်ရွာမှ ဗိုလ်တဲကုန်းအရောက် sniperဖြင့် ထပ်မံပစ်ခတ်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ ဆင်ဝိုင်းက ဆင်တွေနဲ့ မိသားစုတွေကို လူသားဒိုင်းကာလုပ်ပြီး စစ်ကောင်စီက ပြန်ထွက်လာတာ၊ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းကွင်းတွေကို ဆင်ဝိုင်းက သူတို့(စကစ)ဝန်ထမ်းတွေကိုရှောင်သွားခိုင်းတာ၊ သူတို့ကနယ်မြေခံ ဆိုတော့ သိတယ်လေ၊ ကျွန်တော်တို့စီမှာလည်း ဆင်ဝိုင်းက CDMဝင်ထားတဲ့သူတွေရှိတယ်လေ၊ မဟုတ်ရင် ကျွန်တော်တို့ မိုင်းတွင်းတွေမှာ စစ်ကောင်စီတပ်တွေ သေမှာ” ဟု တပ်ခွဲမှူး ကိုခက်ဇော် ကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သည် ဗိုလ်တဲကုန်းဘက်သို့ ဆက်လက်ထွက်ခွာခြင်းမပြုဘဲ၊ စမ်းကြီးရွာဘက်သို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်အား ရွာအဝင်၌ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တပ်ခွဲမှူး ကိုခက်ဇော်က ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး၊ စစ်ကောင်စီ စစ်ကြောင်းသည် နတ်တလင်းမြိုံ၊ တောင်ညိုမြို့သစ်ရဲစခန်းသို့ အောက်တိုဘာ ၁၈ ရက်၊ မနက် ၁၀ ခန့်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။