ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ နမ့်ကွတ်ကျေးရွာနှင့် နောင်ဆွေကျေးရွာ သို့ စစ်ကားဆယ်စီးဖြင့် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်အား KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် ၊စစ်ကောင်စီတပ် တပ်ဆုတ်ပြေးခဲ့ ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(အောက်တိုဘာ ၁၈ ရက်)၊ နေ့လယ် ၁၂နာရီခန့်တွင် နမ့်ကွတ်ကျေးရွာနှင့် နောင်ဆွေကျေးရွာအကြား စစ်ကောင်စီတပ် နှင့် KIA တပ်တို့ အပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ လက်နက်ကြီး အသံတွေက ကွတ်ခိုင်မြို့အထိကြားရတယ်။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော၊ သိရသလောက်တော့ ကွတ်ခိုင်မြို့ကနေ စစ်ကား ၁၀ စီးက နမ့်ကွတ်ရွာနဲ့ နောင်ဆွေရွာအကြားကို စစ်ကြောင်းထိုး ဖို့သွားတာ၊ ရှေ့ကင်း အယောက် ၂၀ လောက်နဲ့ KIA နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ၊ အဲ့ဒီ ရှေ့ကင်းက ပြန်ဆုတ်လာတော့ စစ်တပ်ကား ၁၀ စီးလုံး ကွတ်ခိုင်မြို့ကို ပြန်ဆုတ်လာတယ်။ နောင်ဆွေရွာနဲ့ မြို့က သုံးမိုင်လောက်ပဲဝေးတာ” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးက ရှင်းပြသည်။
ထိုကဲ့သို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုကြောင့် နမ့်ကွတ်ကျေးရွာနှင့် နောင်ဆွေကျေးရွာ မှ ဒေသခံများ ပိတ်မိခဲ့ပြီး၊ ထွက်ပြေးနိုင်ခြင်းမရှိသောကြောင့် ဗုံးခိုကျင်းများ၌ နေထိုင်ခဲ့ရကြောင်းလည်း သိရသည်။
“တစ်ဘက်နဲ့ တစ်ဘက်အပြန်အလှန်ပစ်ခက်နေတာ။ ရုတ်တရက်ဖြစ်နေတော့ ဘာမှမတွေးတော့ဘဲ၊ ပုန်းခိုကျင်းထဲမှာ သားသမီးတွေ၊ မိသားစုဝင်တွေခေါ်ပြီး ပုန်းနေရတယ်။ ရွာထဲအခြေအနေတော့မသိရသေးဘူး”အမည်မဖော်လိုသူ နောင်ဆွေရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါထိတွေ့တိုက်ပွဲသည် KIA နှင့် စစ်ကောင်စီ ခလရ (၂၄၂) တပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ နှစ်ဘက် ထိခိုက်ပျက်စီးမှု အသေးစိတ်နှင့်ပတ်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ဖြစ်ဉ်နှင့် ပတ်သတ်ပြီး၊ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း၊ လက်ခံဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့် အောက်တိုဘာ၊ ၉ ရက်နေ့တွင်လည် သိန္နီမြို့နယ် ကွန်ကောက်၊ တန့်ခန့်ဘက်၌ စစ်ကောင်စီနှင့် ကချင် တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နေအိမ် ၅ လုံး ပျက်စီးကာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လက်နက် ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်။