စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ရန် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးခိုကျင်းများတူးထားကြရန် ချင်းကာကွယ်ရေးတပ် (မင်းတပ်) က အောက်တိုဘာ ၁၅ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
မင်းတပ်မြို့၊ ခလရ ၂၇၄ တပ်ရင်းမှ ကျေးရွာများဘက်သို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
“ပွင့်လင်းရာသီရောက်ရင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။ ကျတော်တို့ လေကြောင်းအန္တာရယ် သတင်းတွေလည်း ရထားတာရှိပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေရှိလာရင် အပြစ်မဲ့အရပ်သားတွေပဲ ထိခိုက်သေကြေမှု ပိုကြုံတွေ့နေရလို့ ပြည်သူတွေကို အမြဲသတိရှိကြဖို့ ထပ်ခါတလဲလဲ သတိပေး၊ သတင်းထုတ်ပြန်ပေးနေရတာဖြစ်ပါတယ်”ဟု CDF (မင်းတပ်) ၏ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနအဖွဲ့ဝင် ဆလိုင်းမင်းတပ်က MPA သို့ ပြောသည်။
CDF (မင်းတပ်) ၏ စိုးမိုးနယ်မြေများသို့ စစ်ကောင်စီဘက်မှ မြေပြင်စစ်ကြောင်း မထိုးနိုင်သည်မှာ ကြာပြီဖြစ်ပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကိုသာ လုပ်နိုင်တော့သည်ဟုသိရသည်။
ထို့အတွက် CDF (မင်းတပ်) သည် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းကို ပြန်လည်ခုခံနိုင်သော်လည်း လေကြောင်းကိုမူ ပြန်လည်ခုခံရန် လက်နက်မရှိသေးသည့်အတွက် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူး၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းကို ပူးပေါင်းပါဝင်ပေးကြရန် ဆလိုင်းမင်းတပ်က ဆိုသည်။
“အိုးအိမ်ပျက်စီးရင် ပြန်တည်ဆောက်လို့ရပေမဲ့ အသက်ကတော့ လူတိုင်းမှာ တစ်ချောင်းစီပဲရှိတာမို့ အသက်ကို ဉာဏ်စောင့်ဆိုတဲ့အတိုင်း ထုတ်ပြန်ချက်ကို လိုက်နာကြဖို့တိုက်တွန်းလိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူနေအိမ်များ ထိခိုက်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းအပြင် ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
“ကျတော်တို့တော့ ဗုံးခိုကျင်းတူးထားတယ်။ တစ်ခုခုဆို ကလေးတွေကို ဗုံးခိုကျင်းထဲ နေခိုင်းထားရတယ်။ ရွာထဲက မတူးကြသေးသူတွေလည်း ရှိတယ်”ဟု မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စက်တင်ဘာ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ် ၄ ဘက်မှ ၁၇ နှစ်အရွယ်မိန်းကလေးနှင့် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာမှ ၉ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံး၍ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်းနှင့်နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသေးသည်။