Lion Battalion ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် Lion Battalion စစ်ကြောင်းတို့ ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၉၆ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၈၀ နှင့်အထက် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းLion Battalion စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ စစ်ကြောင်း ဦးဆောင်ပြီးတိုက်တဲ့ တိုက်ပွဲက ၈ ပွဲပါ။ပူးပေါင်းစစ်ဆင်ရေးတွေလည်းရှိသေးတယ်ပေါ့။Lion Battalion ရဲ့ ဗျူဟာ စစ်ကြောင်းစတင်ချိန်ကနေ ယနေ့အထိ သေဆုံးထိခိုက် စာရင်းပါ” ဟု ၎င်းက ပြောသည်။
Lion Battalion စစ်ကြောင်းက ဦးဆောင်ကာ စစ်ကောင်စီတပ်၏ အခြေစိုက်စစ်စခန်းများဖြစ်သည့် သေ့ဘောဘိုး၊ဥကရိထ၊ကော့ကရိတ်၊ကမ်းနီ၊ကျုံဒိုး၊ကြာအင်းဆိပ်ကြီး၊ရွှေကုက္ကိုလ်နှင့် ချောင်းနှစ်ခွရဲစခန်းတို့ကိုတိုက်ခိုက်ခဲ့ပြီး ရက်အတန်ကြာသည်အထိ တိုက်ပွဲကြီးများ ဆင်နွှဲခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ အခုထုတ်ပြန်တဲ့ စစ်သား သေဆုံးစာရင်းတွေက မြေပြင်မှာ တကယ်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တဲ့စာရင်းပေါ့။ဒဏ်ရာရပြီး တပ်ထဲသေတဲ့ စာရင်းတွေကို အတည်မပြုထားပါဘူး” ဟု ၎င်းက ပြောသည်။
ယင်း တိုက်ပွဲများအတွင်း Lion Battalion နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၂၃ ဦးကျဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Lion Battalionဗျူဟာစစ်ကြောင်း၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါးက ပြောသည်။
“ ငါတို့နဲ့အတူ ဝင်တော်လှန်ခဲ့တဲ့တချို့လူတွေက ကျဆုံးသွားပြီး ငါကရှင်သန်နေသေးတယ်။ ငါကပြန်နားမလည်ဘူးဆိုရင်တော့ အဲ့မှာ အဓိပ္ပါယ်ကမရှိတော့ဘူး။အဲ့ဒါကြောင့် ငါ့လူတွေလည်း သေသွားပြီ။ငါ့လူတွေလည်း တော်လှန်ရေးထဲမှာနစ်မြုပ်ခံခဲ့ရပြီ ။ရှေ့တန်းမှာလည်းအငတ်အပြတ်ခံနေကြရပြီ။အနစ်နာခံနေကြပြီ။ တော်လှန်ရေးကိုနားမယ်ဆို အဓိပ္ပါယ်ကမရှိတော့ဘူး” ဟု ဗိုလ်အယ်စေးဝါးက ပြောသည်။
လက်ရှိတွင် Lion Battalion စစ်ကြောင်းက စစ်လက်နက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် ဘတ် ၁၅ သိန်း ကမ်ပိန်းပြုလုပ်လျက်ရှိရာ အလှူငွေ ၆၂ရာခိုင်နှုန်း သာ ရရှိသေးကြောင်း သိရသည်။
လတ်တလောတွင် Lion Battalion အနေဖြင့် နယ်မြေစိုးမိုးရေးလုပ်ငန်းနှင့် လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းခြင်းတို့ ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။



