ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေါနစစ်ကြောင်းနှင့် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူးထံမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၁၁ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ရေးပစ်မှတ်အတိအကျသတ်မှတ်၍ စနိုက်ပါကျည် ပွိုင့် ၃၃၈ နှင့် ၄၀ မမ ဗုံးပစ်လောင်ချာတို့ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ (၃) ဦး သေဆုံးကာ အများအပြားထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
” 338 စနိုက်ဘာနဲ့ ၄ ချက်ပစ်တယ်။ စခ ၂ ယောက် သေတယ်။ ကျတော်တို့ စကိုဒါ စကုတ်နဲ့ ကြည့်ပြီး ပစ်တာဆိုတော့ သူတို့ဘက်က ၂ ယောက်သေတာကို မျက်မြင်တွေ့ရပါတယ်။ နောက် ၄၀ မမနဲ့ ၄ လုံးပစ်တယ် စခ ၁ ယောက် သေတယ်၊ အများအပြား ဒဏ်ရာရတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူးက ပြောသည်။
အဆိုပါဂိတ်တွင် စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ ၂၀၁ တပ်ရင်း၏ စစ်သား (၂၀) ဦးခန့် ရှိပြီး အာရှလမ်းမကြီးပေါ်ဖြတ်သန်းသွားလာနေကြရသော ခရီးသွားပြည်သူများအား ဆပ်ကြေးကောက်ခံနေသည့် ဂိတ်တစ်ခုလည်း ဖြစ်သည်ဟုဆိုသည်။
” အရင်လည်း ရေကူးကန်မှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ သူတို့ရဲ့ ကင်းစခန်း ဂိတ်စခန်းအချို့ကို ပစ်ခဲ့ဖူးပါတယ်။ အဓိကကတော့ ကျတော်တို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘယ်အခြေအနေမှာမဆို သူတို့ကို အန္တရယ်ပေးနိုင်တယ်ဆိုတဲ့ စိတ်နဲ့ စိတ်မလုံခြုံအောင်လုပ်ပေးတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး (၈၁ မမ)၊ စက်လက်၊ MA လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း PDF ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ကိုရန်နိုင်ကလည်း ” မစ်ရှင်ဆောင်ရွက်ဖို့ ကျတော်တို့ တောင်တွေ တောတွေထဲကနေ အဲ့ဒီနေ့ မနက် ၁၁ နာရီကနေ ညနေ ၃ အထိ ၄ နာရီကြာ ခက်ခက်ခဲခဲ သွားခဲ့ရပါတယ်။ ရန်သူကို အနီးကပ် တိုက်ခိုက်နိုင်မယ့် အခြေအနေအထိရောက်နိုင်ဖို့အတွက်ပါ” ဟု ပြောသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မြို့တော်ခန်းမတွင် အစည်းအဝေးပြုလုပ်နေသည့် စစ်ကောင်စီတပ်များအား ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် ဒေါနစစ်ကြောင်းအနေဖြင့် စစ်ဆင်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်နှင့် တနင်္သာရီဘက်သို့ ပြောင်းရွှေ့ကာ နယ်မြေအသစ်၌ နယ်မြေခံမဟာမိတ်များနှင့် ပူးပေါင်း၍ (၃) လအတွင်း ထိရောက်သည့် စစ်ရေးလှုပ်ရှားမှု (၇) ကြိမ် ဖော်ဆောင်နိုင်ခဲ့ကြောင်းကိုလည်း အောက်တိုဘာ ၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။