By MPA 009
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အစပ်နားရှိ ကသာခရိုင် ချောင်းဝရွာတွင် တပ်အချိန်းအပြောင်းလုပ်ရန် အကြမ်းဖက်စစ်တပ် စုဝေးရောက်ရှိနေကြောင်း ဒေသတွင်း PDF က ပြောသည်။
အကြမ်းဖက်စစ်တပ်၏ ခလရ ၇၇ ၊ ခမရ ၄၁၅ ၊ခလရ ၇၈ ၊ ခမရ ၄၁၆ တပ်ရင်း ၄ ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေကြကြောင်း စက်တင်ဘာ ၁၁ ရက်တွင် မြို့လှ K-PDF က ပြောသည်။
“တပ်မဟာ ၈ လက်အောက်ခံ အမှတ် ၅ တပ်ရင်း မြို့လှ K-PDF တပ်လှုပ်ရှားနယ်မြေအတွင်းက ၄၁၅/၄၁၆ အဖွဲ့တွေက မြို့လှတပ်နယ်ထဲ နေတာ ကြာပြီမို့ တပ်အချိန်းအပြောင်းပြုလုပ်ရန် စုဝေးရောက်ရှိနေကြတယ်လို့ သိရပါတယ်။ တပ်အလွှဲအပြောင်းတွေ ပြုလုပ်ပြီးရင် ကသာဘက်သို့ ခြေလျင်နဲ့ ထွက်မယ်လို့ သတင်းရထားပါတယ်” ဟု မြို့လှ K-PDF က ဆိုသည်။
၄င်းတို့အနေဖြင့် မြို့လှဘက်ချိန်းပြီး ပြန်ဝင်လာမည့်အဖွဲ့ကို တိုက်ခိုက်ရန်အတွက် ပြင်ဆင် စောင့်ကြိုနေကြကြောင်း၊ ကသာဘက် ဆက်သွားကြမည့် အဖွဲ့ကိုတော့ ကသာ မိုးဒါးလေး မိုးတားကြီးဘက်က တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်ထားနိုင်ကြရန် အသိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ချောင်းဝရွာနှင့် ရွေကူမြို့နယ်၊ မင်းကျောင်းကုန်း ကျေးရွာကြားတွင်မြို့လှ K-PDF တပ်ရင်း ဗိုလ်မိုးကြိုး ဦးစီးကွပ်ကဲသောအဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စကစဘက်မှ ၄ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။