By MPA 003
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ ထားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့ပူးပေါင်းပြီး အင်အားအများအပြားဖြင့် ဆယ်ဇင်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများပြုလုပ်ပြီး ယခုတိုင်ထိလည်း ဆယ်ဇင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားကြောင်း သိရသည်။
“အခုလည်း စစ်ခွေးတွေက အင်အားဖြည့်နေတယ်။ ဆယ်ဇင်းရွာကိုပြန်ရဖို့ တော်တော်တိုက်ရဦးမယ်။ တကယ်လို့ စစ်ခွေးတွေက လေယာဉ်မသုံးဘဲ လူအချင်းချင်းယှဉ်ပစ်မယ်ဆိုရင် ဆယ်ဇင်းရွာကို ခဏလေးပြန်ရမှာပေါ့။ အခုက သူတို့ဘက်ကတစ်ယောက်ကျတာနဲ့ လေယာဉ်ပစ်ကူခေါ်နေတော့ ဘယ်လိုမှအဆင်မပြေဘူး ” ဟု KIA (PDF) တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
သြဂုတ်လ ၈ ရက်နေ့တွင် ဆယ်ဇင်းကျေးရွာတပ်စခန်းကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် KIA တပ်ဘက်မှ ဆယ်ဇင်းကျေးရွာတပ်စခန်းကုန်းကို သိမ်းယူနိုင်ခဲ့သည်။ ထိုတပ်စခန်းကုန်းကို သိမ်းပိုက်ယူခဲ့ပြီးနောက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ရွှေပြည်မြင့် ကြိုးတံတားဂိတ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။
ယခုလို တိုက်ပွဲများရက်ရှည်လာသောကြောင့် KIA (PDF) တပ်ဖွဲ့ဝင်များမှာလည်း လက်နက်ကျည်များ လိုအပ်လာကြောင်း နှင့် ရန်သူအလစ်ကို စောင့်ကြည့်ပြီး ဝင်တိုက်ရသောကြောင့် ထမင်းမစားရသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
“ တိုက်ပွဲကတော့ ၁ပတ်ရှိသွားပါပြီ။ စစ်ကြောင်းထွက်နေတော့ ဗိုက်ဆာလည်း ထမင်းစားလို့မရ၊ ရေသောက်လိုက်၊ ခေါက်ဆွဲခြောက်စားလိုက် လုပ်နေရတယ်။ လောလောဆယ် ၇၉ မမ ဗုံးသီးလိုနေတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ် ပွားနေချိန်တွင် ဆယ်ဇင်းကျေးရွာရှိပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်။
ထိုဖမ်းဆီးထားသော ပြည်သူများကို KIA / PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်။
“ ၁၀ ရက်နေ့ မနက် ၂ နာရီ မှာ စခ တွေဖမ်းထားတဲ့ရွာသား ၃၂ ယောက်ကို သွားရောက်ကယ်ထုတ်ခဲ့တယ်။ ပြီးတော့ ၃ နာရီ မှာ SNA တပ်စခန်းတက်သိမ်းပြီး ၅ နာရီမနက် တောထဲပြန်ရောက်ခဲ့တယ် ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဆယ်ဇင်းရွာတွင်အိမ်ခြေ ၆၀၀ကျော်ရှိပြီး ၄၀၀ ကျော်မှာမီးလောင်ပျက်စီးသွားပြီဖြစ်သည်။ ထပ်မံ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်းလည်း သိရသည်။
ယခုလက်ရှိတွင် တိုက်ပွဲရှောင်ပြည်သူများကို ဘေးလွတ်ကင်းနိုင်သည့် နေရာ ၆ နေရာခွဲကာ ထားရှိထားကြောင်း ဒေသခံသတင်းအရင်းမြစ်ထံမှ သိရသည်။