လူထုတော်လှန်ရေး မဟာမိတ်အင်အားစု ( မကွေး ) People’s Revolution Alliance ( PRA – Magway )သည် တပ်တွင်းတွင် တော်လှန်ရေးရဲဘော်များအတွက် တပ်တွင်းလက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို သြဂုတ် ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း PRA – Magway မှသိရသည်။
“ PRA တပ်တွင်းလက်ဖက်ဆိုင်မှာ ရဲဘော်တွေက ပိုက်ဆံရှိစရာမလိုဘူး။ စာအုပ်ဖတ်ဖို့ကို ပိုပြီးဦးစားပေးတယ်။ စာအုပ်ဖတ်ပါပြီးရင်နိုင်ငံရေးမှူးဆီမှာ သူတို့ကဘယ်လိုအကြောင်းအရာတွေကိုဖတ်ခဲ့လဲ ဘယ်လိုခံစားရလဲ ဘယ်လိုသင်ခန်းစာရသလဲစသည်ဖြင့် အကြောင်းရာတွေကို အဆိုင်းမန့်သဘောပြန်ပြီးတော့တင်ရမယ်။ ဒါမှမဟုတ်ပါးစပ်နဲ့ပြောပြရမယ်။ နိုင်ငံရေးမှူးကသဘောကျတယ်ဆိုရင် တုံကင်တစ်ခုရမယ်။ အဲတုံကင်နဲ့ လက်ဖက်ဆိုင်မှာ ကော်ဖီ/လက်ဖက်ရည်နဲ့ မုန့်တစ်ခုရပါမယ်။ တကယ်လို့စာဖတ်ချိန်မရဘူး စာဖတ်လို့မပြီးသေးဘူးဆိုရင် ဒိုက်၃၀ထိုးပြီးတော့ လက်ဖက်ရည်နဲ့မုန့်စားလို့ရပါတယ်” ဟု PRA-မကွေး၏ စစ်ရေးဆိုင်ရာတာဝန်ခံ ကိုဟာဂျူလီကဆိုသည်။
တပ်တွင်းလက်ဖက်ရည်ဆိုင်ကြောင့် ရဲဘော်များ ဒိုက်ထိုးသည့်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိလာသလို စာဖတ်ပြီး လက်ဖက်ရည်သောက်သည့်ရဲဘော်များအတွက်လည်း ဗဟုသုတတိုးပွားလာသလို တော်လှန်ရေးနှင့်ပတ်သက်သည့် ရပ်တည်ချက်၊ ခံယူချက်များလည်း ခိုင်မာလာပြီး စိတ်အပန်းလည်းပြေစေနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
“ တောထဲမှာရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်က လက်ဖက်ရည်ဆိုင်ဆိုတာမျိုးက ကိုယ်နဲ့မဆိုင်သလိုဖြစ်နေတယ်။ တော်လှန်ရေးတပ်သားဆိုတာ လက်ဖက်ရည်နဲ့မဆိုင်ဘူး။ ဒါက မြို့ပေါ်မှာနေတဲ့ သူတွေနဲ့ပဲသက်ဆိုင်ဆိုပြီးစိတ်ခံစားကြတယ်။ တောထဲမှာလဲ တပ်အလုပ်တွေအရမ်းများတယ်။ ပင်ပန်းတယ်။ စိတ်ဖိစီးမှုတွေရှိတယ်။ ဒီအတွက်ကျနော်တို့က စိတ်ထွက်ပေါက်လေးတစ်ခုခုရစေချင်တယ်။ အိမ်အလွမ်းလဲ ပြေစေတာပေါ့ “ ဟု ကိုဟာဂျူလီကရှင်းပြသည်။
တပ်တွင်းစာကြည့်တိုက်ကို ပထမဦးစွာပြုလုပ်ခဲ့ပြီးနောက် ထိုင်ခုံနှစ်ခုံသုံးခုံဖြင့်သာ တပ်တွင်းလက်ဖက်ဆိုင်ကို အခက်အခဲမျိုးစုံကြားမှ တကယ့်လက်ဖက်ရည်ဆိုင် ခံစားမှုမျိုးရရှိစေရန်အတွက် PRA – Magwayမှ ခေါင်းဆောင်များကစီစဥ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူငယ်များ၏ နားခိုရာ၊ အချင်းချင်းတွေ့ဆုံရာ၊ တစ်နေကုန်ပင်ပန်းခဲ့သမျှ အပန်းဖြေရာနေရာတစ်ခုအဖြစ် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ကြလေ့ရှိသည်။
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု ( မကွေး ) People’s Revolution Alliance ( PRA – Magway )သည် ၂၀၂၁ မတ်လ ၂၈ ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပြီး သက်တမ်းတစ်နှစ်ကျော်ကြာ မကွေးတိုင်းထဲတွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လျက်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။