KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း ငါးခုကို သိမ်းယူနိုင်ခဲ့ကြောင်း အသိပေးပြီး အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းပစ်ကူများ ကြောင့် ဒေသခံများ သေဆုံးထိခိုက်မှုရှိဟု KNU က ယနေ့တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် အကြမ်းစစ်ကောင်စီ၏ စခန်းများဖြစ်သော ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ရေးသားဖော်ပြသည်။
တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စခန်းသိမ်းတိုက်ပွဲတွင် နှစ်ဘက်အကျများခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ပြည်သူ့စစ် (၄) ဉီး သေဆုံးကာ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ သေနတ် ၈ လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် ထိခိုက်မှုနှင့် အကျအဆုံးစာရင်းကို အသေးစိတ် မသိရှိသေးပေ။
တပ်စခန်းငါးခုကို ဇူလိုင်လ (၂) ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ် မှ စတင်ကာ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တပြိုက်နက်တိုက်ခိုက်သိမ်းခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့သည့်အတွက် အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ထိုသို့ လေကြောင်းပစ်ကူပေးရာတွင် တိမ်းရှောင်ထွက်ပြေးရသည့် ဒေသခံများရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စောဘီးချယ်နှင့် မိသားစု စုစုပေါင်း ၄ ဉီး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟုဆိုသည်။
ထို့အပြင် ကျွန်းပင်ဆိတ်ကျေးရွာနေ စောဒိုးကရိုး (၇၀ နှစ်) မှာလည်း လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးပြီး ကျန်သူများကိုလည်း အတည်ပြုရန်ကြိုးစားလျက်ရှိသည်ဟု ထုတ်ပြန်အသိပေးသည်။
စခန်းသိမ်း တိုက်ပွဲကြောင့် နီးစပ်သည့် ကျေးရွာမှ ဒေသခံအားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
လက်ရှိအချိန်ထိလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်မှုများရှိနေသည့်အပြင် စစ်ကူများ ထပ်မံပို့ဆောင်လာသည့် အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိနေကြောင်း ထုတ်ပြန်အသိပေးသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခလရ-၆၀နှင့် ပူးပေါင်းတပ်များသည် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်းရှိ လော်မူပယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လော်မူပယ်ကျေးရွာသား စောမာနေထူးကို ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်အသိပေးသည်။
ပစ်သတ်ခံရသူ အသက် (၂၅) နှစ်အရွယ် စောမာနေထူးသည် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ ဆိုင်တွင်းတွင်ပင် ပစ်သတ်ခဲ့သည်ဟု KNU က ဆိုသည်။
ဇူလိုင်လ (၁) ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီမှ လိန်ပင်ဝဲ ကျေးရွာသား တီးတောနဲ နှင့်အဖော်တစ်ဦးအား အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ပစ်ခတ်ခံရသည့် တီးတောနဲနှင့်အဖော်တစ်ဦးမှာ ၎င်းတို့၏ ဆိုင်ကယ်ကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ (၃၀) ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် KNLA တပ်ရင်း (၉) တို့မှ ထိတွေ့တိုက်ခိုက်မှုများရှိသလို တိုက်ပွဲမှာ (၂၀) မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု KNU က ထုတ်ပြန်အသိပေးထားသည်။
ဇွန်လ (၂၇) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် နရွဲပင်ကျေးရွာသား စောမူးသာအား သတ်ဖြတ်ခဲ့ပြီး အလောင်းကို မြှုပ်ထားသည့်နေရာတွင် မိုင်းသုံးလုံး ထောင်ထားခဲ့သည့် ဖြစ်ရပ်များလည်း ရှိကြောင်း သိရှိရသည်။ ထို့အပြင် နရွဲပင်ကျေးရွာသားတစ်ဦးသည် ယနေ့ချိန်ထိ ပျောက်ဆုံးလျက်ရှိနေပြီး ပြန်လည်၍မတွေ့ရှိသေးဟု ဆိုသည်။ အထက်ပါဖြစ်ရပ်များအတွက် MPA မှ သီးခြားအတည်မပြုနိုင်သေးပေ။
KNU ဘက်က ယင်းဖြစ်ရပ်များ အားလုံးသည် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ တရားလက်လွတ်သတ်ဖြတ်နေမှုများဖြစ်ပြီး ပြည်သူများအပေါ်တွင် နည်းပေါင်းစုံဖြင့် ကျူးလွန်နေလျက်ရှိသည်ဟု ထုတ်ပြန်အသိပေးထားသည်။