By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ နောက်ဆုံးပတ်မှ စတင်ကာ ဗုံးခိုကျင်းမတူးထားသည့် နေအိမ်များကို ဒဏ်ကြေးပေးဆောင်ရန် ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒီးမော့ဆို အရှေ့မြို့နယ်အတွင်းရေးမှုးက ပြောသည်။
“လူထုတွေလုံခြုံဖို့က လူထုဆီကပဲလာတာဆိုတော့ကာ ကျင်းတွေတူးခိုင်းရတဲ့အဓိကအချက်ကတော့ လူထုတွေလုံခြုံဖို့ပါ။ ဒီးမော့ဆိုအရှေ့မြို့နယ်ထဲမှာပဲ ဗုံးခိုကျင်းတွေဆောက်ခိုင်းတာပါ၊ အခြားမြို့နယ်တွေမှာတော့ အကျုံးမဝင်ပါဘူး”ဟု ၎င်းက ပြောသည်။
ဗုံးခိုကျင်းမဆောက်သည့် နေအိမ်များအား ဒဏ်ငွေဖြင့် အရေးမယူမီကာလအတွင်း ပညာပေးကာလ သတ်မှတ်ပေးခဲ့ပြီး လက်ရှိ စစ်ဆေးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း ဒီးမော့ဆိုအရှေ့ခြမ်း စစ်ဘေးရှောင်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ပြည်သူတွေကြောက်တာကလဲ ငွေကုန်တာကိုပဲဆိုတော့ ဒဏ်ငွေကို ပြစ်ဒဏ်အဖြစ်သတ်မှတ်တဲ့သဘောပါ၊ ဒီမှာလေယာဉ်နဲ့ပဲဗုံးကြဲကြဲ၊ လက်နက်ကြီးပဲကျကျ ရိုးနေသလိုဖြစ်လာတော့ ပြည်သူတွေက မကြောက်တော့ဘူးပေါ့။အရှေ့ခြမ်းက စစ်ကောင်စီရဲ့ တပ်ရင်းတွေနဲ့လည်း နီးတော့ ဗုံးခိုကျင်းက အရေးကြီးတဲ့လိုအပ်ချက်ပါ”ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတစ်နေရာရှိ ဒေသခံတစ်ဦးအား MPAမှ မေးမြန်းရာ ဗုံးခိုကျင်းတူးသည့် ပုံစံနှင့် ပြင်ဆင်မှုပေါ်မူတည်၍ ဗုံးခိုကျင်းတစ်ကျင်းလျှင် ကျပ်ငွေ ငါးသောင်းမှ သုံးသိန်းကြား ကုန်ကျကြောင်း ပြောသည်။
“တစ်ချို့ကတော့ ကြတော့ ကိုယ်ဟာကိုယ်တူးတယ်။ အပေါ်က သဲအိတ်တို့၊ သစ်တုံးတို့ခံပြီး ထားတယ်ပေါ့။ အဲ့ဒီပုံစံကိုတော့ ဒီဘက်ကအိမ်တော်တော်များများဆောက်ကြတယ်။ ကုန်ကျစရိတ်လဲသက်သာတယ်။ ပိုက်ဆံတတ်နိုင်သူတွေကြ ဘိလပ်မြေနဲ့ အပေါ်ကို မိုးလိုက်တာပေါ့၊ ဘိလပ်မြေစျေးကကြီးတော့ ဆောက်သလောက်ကုန်တာပေါ့၊ ဒဏ်ငွေနဲ့ ဗုံးခိုကျင်းတူးလို့ ကုန်တာနဲ့ဆို ဒဏ်ငွေကပိုများနေတော့ ဗုံးခိုကျင်းကို အကုန်ဆောက်ကြပါတယ်”ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသည် စစ်ကောင်စီတပ်များနှင့် အနီးဆုံးနေရာတွင် ရှိနေသည့်အတွက် ကရင်နီပြည်နယ်ရှိ အခြားမြို့နယ်များထက် လုံခြုံရေးတင်းကျပ်ကာ နေ့စဉ် ည ခုနှစ်နာရီနောက်ပိုင်း အပြင်သွားလာသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြစ်ဒဏ်ချမှတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)နှင့် ဒီးမော့ဆို အရှေ့မြို့နယ်အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များအား ဗုံးခိုကျင်းမဖြစ်မနေတူးရန် ဆောင်ရွက်လျက်ရှိသည်။
စာတည်း-ကိုဆန်း