By Mg Dagon / MPA
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပိုမိုပြင်းထန်လာ၍ ထိုင်းဘက်သို့ စစ်ဘေးရှောင်သူ များပြားလာကြောင်း သိရသည်။
ဧပြီလအတွင်းမှစတင်၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်များအပါအဝင် ကော့ကရိတ်နှင့် ကျုံဒိုးမြို့တို့တွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။
“မနေ့က စာအုပ်သက်တမ်းသွားတိုးတုန်းက အတော်စောင့်ခဲ့ရတယ်။ မနက် ၈ နာရီကတည်းကသွားတာ ၁၂ နာရီလောက်မှာပြီးတယ်။ အရင် အဲဒီအချိန်သွားရင် သုံးလေးယောက်ပဲရှိတယ်။ အေးအေးဆေးဆေးပဲ။ မနေ့ကတော့ ရှေ့ကလူတန်းက အနည်းလေး ၅၀ ကျော်မှာရှိတယ်” ဟု ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်-၁ မှ အပတ်စဉ် ကူးသန်းသွားလာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ အမှတ် ၁ တံတားပေါ်မှ ကူးသန်းသူများပြားခြင်းကြောင့် မြန်မာဘက်ခြမ်းဂိတ်တွင် ယခင်က စာအုပ်အတွင်းသို့ လူနာမည်နှင့် အချက်အလက်အချို့ ထည့်သွင်းရေးမှတ်လေ့ရှိသော်လည်း ယမန်နေ့ကမူ ရေးမှတ်ခြင်းမရှိကြောင်း မျက်မြင်တွေ့ခဲ့သည့် ၎င်းက ပြောသည်။
“ဟုတ်တယ်။ မြန်မာဘက်ခြမ်းမှာပဲများတယ်။ ထိုင်းဘက်ခြမ်းက မြဝတီဘက်ကို အကူးက ပုံမှန်ပဲ” ဟု အမှတ် ၁ တံတားအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကော့ကရိတ်နှင့် ကျုံဒိုးမြို့ အနီးတဝိုက်တွင် KNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့်မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်းမှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်နေခဲ့သည်မှာ ယခု မေလ ၆ ရက်နေ့အထိဖြစ်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ထိုတိုက်ပွဲများအတွင်း ဧပြီလကုန်ပိုင်းက ကျုံဒိုးမြို့သို့ စစ်ကူပေးရန်လာသည့် စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကြောင်း သိရသည်။
ထို့အပြင် ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း KNLA နှင့် ပူးပေါင်းတပ်များသည် မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီတပ်၏ စစ်စခန်းများကို ဆက်တိုက်သိမ်းယူနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်တွင် ဧပြီ ၁ ရက်မှ ၃၀ ရက်နေ့အထိ တစ်လတာအတွင်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ၁၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးအဆင့် နှစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦးတို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး သေဆုံးခဲ့ကြောင်း KNU ၏ မှတ်တမ်းများအရ သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုခရိုင်အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၇ ကြိမ်နှင့် တိုက်လေယာဉ်ဖြင့် ဗုံး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် မတ်လ ၂၈ ရက်ငလျင်အကြောင်းပြပြီး ဧပြီလအတွင်း အပစ်ရပ်ကြေညာခဲ့သော်လည်း နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှု မပြတ်ပြုလုပ်ခဲ့သည်။
စာတည်း-ကိုဆန်း