By Hsu Yee / MPA
စစ်ကိုင်းနှင့် မကွေးတိုင်းမှ စစ်ဘေးသင့်ပြည်သူများအတွက် ကျပ် သိန်း ၄၅၀၀ တန်ဖိုးရှိ နေအိမ် ၁၅၀၀ ကျော် ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း S&C မီးဘေး ၊စစ်ဘေး ၊ ပညာရေး ကူညီစောင့် ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
၂၀၂၂ ဇွန်လမှစတင်၍ ယနေ့ (ဧပြီ ၂၀ ရက်)အထိ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် စစ်တပ် မီးရှို့သဖြင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် အိမ် ၁၅၁၉ လုံး ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ ကျတော်တို့ အိမ်ဆောက်နှုန်းဟာ အာဏာသိမ်း ထားတဲ့ နေ့ရက်တိုင်းအတွက် တစ်အိမ်နှုန်း ပြန် ဆောက်ပေးနေတဲ့ သဘောမျိုးနဲ့ဆောက်ပေးနေတာပါ။ လေးနှစ်နဲ့ လေးလဆိုရင် ၁၅၈၀ ပြည့်ရမှာ ပါ။ ကျတော်တို့ ဒီနှစ်ထဲ အိမ် အလုံး ၂၀၀၀ ပြည့်ဖို့မျှော်မှန်းထားပါတယ်” ဟု S&C တည်ထောင်သူ ကိုစိုးမိုးအောင်က MPA သို့ပြောသည်။
စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း ၊ ရွှေဘို ၊ အရာတော် ၊ ရေဦး နှင့် ဝက်လက် မြို့နယ်တို့မှ ကျေးရွာ ၄၈ ရွာနှင့် မကွေးတိုင်း၊ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာတို့တွင် နေအိမ်များဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး အိမ်မီးလောင်ဆုံးရှုံးသွားသူများအနက် ကာလရှည် စစ်ဘေးရှောင်နှင့် အိမ်ထောင်ဦးစီးမရှိတော့သူများကို ဦးစားပေးလှူဒါန်းပေးကြောင်း သိရသည်။
အိမ်ဆောက်လုပ်မှုကုန်ကျစရိတ်ကို ပြည်သူလူထု၏ အလှူငွေနှင့် S&C အဖွဲ့၏ရန်ပုံငွေဖြင့် ကျခံခြင်းဖြစ်ပြီး အိမ်တစ်လုံးကုန်ကျစရိတ်မှာ မြင့်မားလာနေကြောင်းသိရသည်။
“ ကျတော်တို့ စဆောက်တုန်းကဆို တစ်သိန်းခွဲလောက်ပဲကျတာကနေ အခုဆို ကုန်ဈေးနှုန်းတွေ သယ်ယူပို့ဆောင်ခတွေကြောင့် သုံးသိန်းထိကုန်လာတယ်ပေါ့။ တိုင်တွေ ဝါးတွေကအစ ဈေးကြီးတာ “ ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ကုန်ကျစရိတ်မြင့်မားလာသောကြောင့် မီးဘေးသင့်အိမ်များမှ ပြန်လည်အသုံးပြု၍ရသည့် အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုကြောင်းလည်း သိရသည်။
နေအိမ်များသာမက စာသင်ကျောင်း ၊ ရေတွင်း၊ရေကန်နှင့် အိမ်သာများလည်း ဆောက်လုပ် လှူဒါန်းနေကြောင်း S&C က ဆိုသည်။