By Nway / MPA
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင်ပြည်သူများကို နေအိမ်သို့ ပြန်လာရန် ဖိအားပေးနေကြောင်း သိရသည်။
မတ်လ ၂၂ရက်မှ စတင်၍ လေးမျက်နှာမြို့နယ်အတွင်းရှိ စစ်ရှောင်နေရသည့် ကျေးရွာများမှ ပြည်သူ များကို ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြန်လာခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
” စစ်တပ်ဘက်က အထိအခိုက်များနေတော့ တိုက်ပွဲဖြစ်တဲ့အနီးတစ်ဝိုက်ရွာတွေက ပြည်သူတွေကို လူသားဒိုင်းပြုလုပ်တာတွေက နေရာတိုင်းမှာရှိနေတယ်။ ပြည်သူတွေကို စစ်ရှောင်နေရာကနေ အိမ်တွေကို အတင်းအကျပ်ပြန်လာခိုင်းတယ်။ ပြန်ပြီးမနေသူတွေကို နေအိမ်ချိတ်ပိတ်မယ်။ ဖမ်းဆီးမယ်ဆိုတာမျိုး ပြောတယ် ” ဟု ဧရာဝတီလူငယ်များသမဂ္ဂ ( AYU ) ပြောရေးဆိုခွင့်ရှိသူက MPA ကို ပြောသည်။
လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊တုံးတောအထက်စု၊ ရှားတောစု၊ ကျောင်းကွင်း၊ လဲခုံလေး၊ လဲခုံကြီး၊ ချင်းလယ်၊ စန်းကုန်း၊ ကွင်းကြီး၊ အောင်ဇံကွင်းနှင့် ဇီးပင်ကွင်းကျေးရွာတို့မှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။
” စစ်တပ်က စစ်ဘေးရှောင်ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု လုပ်တာရှိတယ်။ဝက်ကုန်းရွာနဲ့ ချင်းလယ်ရွာပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီးတော့ ပါရာမော်တာတွေ၊ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
လေးမျက်နှာမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရေကြည်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
စာတည်း-ML