By Hsu Yee/MPA
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၇၀၀၀ ကျော်တို့မှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၊ ကျေးရွာ ၁၀ ရွာမှ ပြည်သူများမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှစ၍ ယနေ့ထိတိုင် တောင်ငူမြို့အစွန်ရှိ ဘုန်းကြီးကျောင်းထဲနှင့် ဘုန်းကြီးကျောင်းအနီးတို့တွင် စစ်ဘေးရှောင်နေရကြောင်း ဒေသခံအချို့ထံက သိရသည်။
“ဇရပ်ကြီးမှာတိုက်ပွဲဖြစ်တော့ လေယာဉ်တွေလာကြဲလို့ ရှောင်ရတာ။ နေရပ်ပြန်လို့ကတော့ ရတာတော့ မရဘူးလို့လည်း ပြောလို့ရတယ်၊ရတယ်လို့လည်းပြောလို့ရတယ်။ ကိုယ့်အတွက်က စိတ်လုံခြုံမှုမရှိဘူးလေ” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက MPA သို့ပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီခြောက်ရက်တွင် ထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ် ကို KNLA နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယင်းနောက် ပိုင်း၌ ထန်းတပင်မြို့နယ်၊ကင်မွန်းချုံရွာအနောက်ဘက်ရှိ နေအိမ်များ၊ ရွှေကျင်ဘုန်းကြီးကျောင်း၊ ဒိုးတန်းနှင့် ပုကန်ကွဲရွာတို့၌ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲခဲ့ကြောင်းသိရသည်။
” အဲ့ဘက်တွေမှာ လုံးဝနေလို့မရဘူး။ စစ်တပ်ကမိုင်းတွေထောင်ထားတယ်။ ဘေးပတ်ဝန်းကျင်မှာ လည်း ဘာတုန်းဆိုတော့ လက်နက်ကြီးတွေပစ်တယ်။မင်းကြိုင်းတို့၊ ရေကြည်ကုန်းတို့ဘက်တွေကျ တယ်။ကိုးတိုင်ဘက်တွေ၊ မြို့စိုးဘက်တွေပေါ့။ အဲ့ဒီ့အသံတွေက နေ့တိုင်းကြားနေရတော့ စိတ်လုံခြုံမှု မရှိဘူးလေ” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ဘေးရှောင်များသည် တောင်ငူမြို့စွန်ရှိ ဘုန်းကြီးကျောင်း ခုနစ်ကျောင်းထဲနှင့် ဘုန်းကြီးကျောင်း အပြင်ဘက်တွင် တဲထိုးနေကြရာ တစ်နေရာလျှင် လူဦးရေ ၁၀၀၀ ကျော် ရှိကြောင်းသိရသည်။
” ကျမတို့ကတော့ ဘုန်းကြီးကျောင်းထဲ နေတယ်။ အခြားသူတွေကတော့ ဘုန်းကြီးကျောင်းဘေးမှာပဲ တဲထိုးပြီး လူစုနေကြတယ် “ ဟု ၎င်းကပြောသည်။
ဒိုးတန်းနှင့် ပုကန်ကွဲရွာများတွင် စစ်သားများ တပ်စွဲထားပြီး ရွာသားများကို ရွာထဲသို့ ပေးမဝင် ကြောင်းထို့အပြင် ယင်းရွာများထဲရှိ ပြည်သူပိုင်ပစ္စည်းများကိုလည်း စစ်တပ်က လုယက်သွားကြောင်း သိရသည်။
ပရဟိတအဖွဲ့များက ယင်းစစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့် လူသုံးကုန်များ မျှဝေပေးနေကြောင်း သိရသည်။
” ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တစ်ခေါက်မှလာတာမရှိဘူး။ အဓိကလိုတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုပဲပေါ့” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်နေရသည့် ရွာများမှာ မင်းကြိုင်း ၊ ရေကြည်ကုန်း ၊ ဒိုးတန်း ၊ ပုကန်ကွဲ ၊ ၊ ကင်မွန်းချုံ ၊ လှည်းလမ်းကူး ၊ ကိုးတိုင် ၊ မြို့စိုး ၊ ညောင်လေးကုန်း နှင့် ကြို့ပင်သာရွာတို့ဖြစ်သည်။