By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ပြည်သူ ၁၇၀၀ ခန့် စစ်ရှောင်နေရပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက်၊ နံနက် ၂ နာရီခန့်တွင် ထီးလင်းမြို့နယ်ရှိ အလယ်ဘန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြု၍ ဗုံးသီး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ လက်ရှိဒဏ်ရာရထားတဲ့သူတွေကို မြို့နယ်တွင်း ကျန်းမာရေးဆရာ၊ ဆရာမတွေက ကုသပေးနေပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်နေရတဲ့အခက်အခဲ၊ နေရာအခက်အခဲ၊ ဆေးဝါးရှားပါးမှု အခက်အခဲတွေ ရှိပါတယ်” ဟု ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အလယ်ဘန်းကျေးရွာတစ်ရွာလုံးနီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးလင်းမြို့နယ်အရှေ့ခြမ်းရှိ အကြည်ဘန်း၊ အလယ်ဘန်းနှင့် အညာဘန်းကျေးရွာများမှ ပြည်သူ ၁၇၀၀ ခန့်သည် အိုးအိမ်များကိုစွန့်ခွာကာ လယ်စောင့်တဲများ၊ တောတောင်များအတွင်း၌ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။






“ ညပိုင်းတွေမှာ တောထဲကို စစ်ရှောင်ကြတယ်။ နောက်ထပ် လေယာဥ်လာမှာလည်း စိုးရိမ်ရတယ်လေ။ မနေ့ညကတော့ ရွာကိုလာပစ်တယ်ပဲ ထင်တာ” ဟု အကြည်ဘန်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိကာလသည် နွေရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ တောတောင်များ၌ စစ်ရှောင်နေရသည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။
“ နွေရာသီရောက်လာပြီဆိုတော့ ရာသီဥတုပူပြင်းတဲဒဏ်ပေါ့၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က အဆင်မပြေဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်မှစ၍ စစ်ကောင်စီက ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောနှင့် ကျောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားခြင်းဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အရပ်သားပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် ယောဒေသတွင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ အမြောက်တပ်နှင့် လေကြောင်းကိုသာ အသုံးပြု၍ ကျေးရွာများကို ပစ်ခတ်မှုများပြုလုပ်လျက်ရှိနေပြီး၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း ကျော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်တို့ကို မြို့အပြင်များမှ ဝိုင်းဝန်းပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ထားကြသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ လက်ရှိအချိန်ထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်းသေဆုံးခဲ့ရသူ ၆၄၁၉ ဦး ရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။