By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းသို့ ဝင်ရောက်လုယက် မီးရှို့သတ်ဖြတ်နေသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံတသောင်းကျော် နေရပ်စွန့် ထွက်ပြေးနေရကြောင်းသိရသည်။
မတ်လနှစ်ရက်မှ စတင်ကာ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ တပ်မှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးမွှေနှောက်နေပြီး ယနေ့ (မတ်လ ၁၉ ရက်) အထိ ဘိစပ်ကုန်းကျေးရွာထဲ၌ ရှိနေသေးသဖြင့် အနီးကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ရေစကြိုမြို့နယ်ပကဖထံက သိရသည်။
” ဘိစပ်ကုန်းကျေးရွာက စစ်ကြောင်းက ဒီနေ့ရောဆို လေးရက်ရှိပြီ။ ပထမနှစ်ရက်ကတော့ ပြည်သူတွေရဲ့ ရှိသမျှပစ္စည်းတွေကို အကုန် မင်းရွာပျူရွာထဲကို ကားတွေနဲ့သယ်နေတာပေါ့နော်။ မနေ့က (မတ်လ ၁၈ရက်)ကတော့ မီးနည်းနည်းရှို့တယ်ဗျ” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
စစ်ကြောင်းရှောင်ပြည်သူများကို ဘေးကင်းသည့်ရွာများက ရိုင်းပင်းစောင့်ရှောက်ကာ ချက်ပြုတ် ကျွေးနေကြကြောင်း သိရသည်။
” ခုစစ်ကြောင်းက နည်းနည်းဆိုးနေတာဆိုတော့ ပြည်သူတွေက ကြိုပြီးတော့ ရှောင်နေကြတာဗျ။ အဲ့ဘက်ကရွာတွေက ကြီးတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ၁၈ ရက်တာအတွင်း မြေစွန်းတော်၊ ဇရပ်နီ၊ မာလကာခြံ၊ သာဂေါင်၊ မြေတော်၊ ဘိစပ်ကုန်းနှင့် နှင့် မြောင်နယ်မှ ပန်းညိုရွာတို့ကို မီးရှို့ဖျက်ဆီးထားပြီး မြေစွန်းနှင့် သာဂေါင်ကျေးရွာမှ ပြည်သူ ၁၈ဦးအထိ သတ်ဖြတ်ခံထားရကြောင်းသိရသည်။