By PoeSangle/ MPA
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNAL) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ခြောက်ပါးနှင့် အရပ်သား သုံးဦးသေဆုံးခဲ့ကာ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်သည့် ယနေ့ (မတ် ၁၆ ရက်) ညနေ ငါးနာရီခွဲတွင် နောင်ချိုမြို့ ၊စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လေယာဉ်စက်သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ သေဆုံးမှုတော့ များတယ်။ ဘုန်းကြီးကျောင်းလည်း အများပျက်စီးသွားတယ်။ ဒီနေ့ ညနေ ငါးနာရီခွဲလောက်လာပစ်သွားတယ်။ ဗုံးလေးလုံးပစ်ချသွားတယ်။ စစ်ကောင်စီက သာသနာ့ကျောင်းတွေကိုပါ ဗုံးကြဲနေတာ၊ စစ်ဇရာဝတ်မှုကျူးလွန်တာကို ထက်ပြီးကျူးလွန်နေတယ်လို့ ပြောချင်တယ်” ဟု မြေပြင်သတင်းအရင်အမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးနှစ်ပါး၊ ကိုရင်လေးပါး၊ အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ကာ၊ ဘုန်းကြီး ၁၃ပါးနှင့် အရပ်သား လေးဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် နောင်ချိုမြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း မြို့နှင့် မိုင်နှစ်ဆယ်အကွာအဝေးရှိ တောင်ခမ်းဘက်တွက် တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေကြောင်း သိသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် အဆိပ်ငွေ့အသုံးပြု တိုက်ခိုက်မှုများရှိခဲ့ခြင်းကြောင့် TNLA တပ်သားအချို့ အဆိပ်သင့်ကာ မူးမေ့၊ အော့အန်မှုများဖြစ်ပွားပြီး ဆေးကုသမှုခံယူနေရမှုများလည်းရှိနေသည်။
စာတည်း-ML