By Mg Dagon / MPA
ဗုံးဆက်တိုက်ကြဲခံနေရသော မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ယမန်နေ့ မတ်လ ၁၅ ရက်နေ့က ကျေးရွာနှစ်ရွာ လေကြောင်းမှ ဗုံးထပ်မံကြဲချခံရသည့်အတွက် အဆိုပါရွာများအပါအဝင် ရွာလေးရွာထက်မနည်းက ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ဟု ယခုသတင်းကိုသိရှိသူ ဒေသခံများထံမှ သိရသည်။
ဆူးဝင်းနှင့် ဝယ်တောင်(တ)ရွာများအတွင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ဂျက်ဖိုက်တာသုံးစင်းဖြင့် စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကြဲခံရတဲ့နှစ်ရွာအပြင် ဆိတ်ချီး၊ ဗဟင်းနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေ အကုန်ရှောင်ကြတာ။ ပမာဏကတော့ မပြောတတ်ဘူး။ ဘုန်းကြီးလည်း ကံကောင်းလွန်းလို့ လွတ်လာတာ။ ဗုံးကြဲတာနဲ့ အတော်နီးနီးလေးရယ်” ဟု ဗုံးကြဲခံရ၍ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးပြိုကျသွားရသည့် ဝယ်တောင်ရွာမှ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။
၎င်း ဆွမ်းစားပြီး ခေတ္တနားနေခိုက်တွင် လေယာဉ်သံကြားရပြီးနောက် ဗုံးကြဲခံရခြင်းဖြစ်ပြီး တုန်လှုပ်မိကြောင်း ယင်းဘုန်းတော်ကြီးက ဆက်မိန့်သည်။
“ကိုယ်တော်လည်း ဖြစ်ဖြစ်ပြီးချင်း ရှောင်လာခဲ့တော့တာပဲ။ ပခုက္ကူမြို့ဘက်ကို” ဟု အထက်ပါ ဘုန်းတော်ကြီးက မိန့်သည်။
ထိုသို့ ဗုံးဆက်တိုက်ကြဲခံရမှုများ မြိုင်နယ်အတွင်း ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ယင်းဒေသခံများက ပြောသည်။
“ခုဟာက မြိုင် အညာဒူးဘိုင်က ကျေးရွာတွေအားလုံး လန့်နေရတယ်” ဟု မြိုင်ဒေသခံ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ မတ်လ ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်က မကွေးလေတပ်က ဂျက်ဖိုက်တာ နှစ်စင်းနှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာတစ်စင်းတို့ဖြင့် မြိုင်မြို့နယ်အနောက်ပိုင်းက ဝဲတောင်ရွာဘုန်းကြီးကျောင်း၊ ရွာမြောက်ပိုင်းနှင့် ဆူးဝင်းရွာတို့ကို စစ်ကောင်စီကလာရောက်ခဲ့ရာတွင် သက်တော် ၃၀ ခန့် ကိုရင်ကြီးတစ်ပါးအပါအဝင် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“ကောင်လေးနှစ်ယောက်က ပွဲချင်းပြီးပဲ။ ကိုရင်ကြီးတစ်ပါးက ဗုံးဆံထိလို့ ပခုက္ကူဆေးရုံမှာ ပျံလွန်တော်မူသွားတာပါ” ဟု ယင်းဖြစ်စဉ်ကိုသိရှိထားသူ ဒေသခံအမျိုးသားက ပြောသည်။
ထိုဗုံးကြဲမှုကြောင့် ဝယ်တောင်(တောင်)ရွာဘုန်းကြီးကျောင်းတစ်ကျောင်းလုံးနှင့် ဆူးဝင်းရွာက နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် ကျောင်းထိုင်ဘုန်းကြီး၊ ကိုရင်နှစ်ပါးတို့အပါအဝင် ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဗုံးကြဲတိုက်ခိုက်ခံရသည့်ရွာခံများက MPA သို့ အတည်ပြုသည်။
မြိုင်နှင့် ပေါက်မြို့နယ်တို့အစပ်ရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်အထိခံခဲ့ရပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၃၃ ဦးသေဆုံးသည့်အပြင် ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက လူ ၁၅ ဦးစီသေဆုံးစေခဲ့သော မြိုင်နှင့် ပေါက်မြို့နယ်တို့အစပ်ရှိ ဆုံကုန်းရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည့် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဆောင်ဗုံးကြဲခံရမှုနှင့် မတ် သုံးရက်နေ့ နံနက်အစောပိုင်းက လက်ပံတိုရေနံမြေအပါအဝင် ရွာ ခုနှစ် ရွာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်များမှာ သေဆုံးနှင့် ဒဏ်ရာရသူ အများဆုံးဖြင့် အဆိုးရွားဆုံးဖြစ်သည်။
ယမန်နေ့ မတ်လ ၁၄ ရက်ညနေပိုင်းမှာလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင်း ဒေသခံပြည်သူ ၂၇ ဦးအထိ သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားသည်။