By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပျူစောထီးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ထောင်နှင့်ချီသော ပြည်သူတို့မှာ လေးနှစ်ခန့်ကြာသည့်တိုင် အိမ်မပြန်နိုင်သေးကြောင်း သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းသည့်အချိန်မှ စ၍ မင်းကင်းမြို့နယ်၌ ပျူစောထီး ရွာ ၃၉ ရွာရှိပြီး ယင်းရွာမှ ပြည်သူအချို့သည် စစ်ကောင်စီတပ်၏အုပ်ချုပ်မှုကို လက်မခံနိုင်ခြင်းနှင့် ပျူစောထီးမဖြစ်လိုခြင်းတို့ကြောင့် ယနေ့ (မတ်လ သုံးရက်) အထိ ဘေးလွတ်ရာ၌ နေထိုင်နေကြကြောင်း စစ်ရှောင်ကူ ညီရေးအဖွဲ့ဖြစ်သည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
” ဒီအာဏာသိမ်းမှု စတင်လိုက်တဲ့အခါမှာ ပါတီနှစ်ဆိုဒ်ကွဲမှုကနေမှ ကြံ့ခိုင်ရေးပါတီကနေ ကျေးရွာတွေကို စစ်တပ်ကိုခေါ်ပြီးတော့ ထိန်းသိမ်းခိုင်းတာပေါ့။ အဲ့အချိန်မှာ NLD အားပေးတဲ့ ကျေးရွာက ပြည်သူလူထုတွေက ထွက်ပြေးတိမ်းရှောင်လာကြတယ်။ တစ်ရွာမှာ အိမ်ခြေ၈၀၀ရှိရင် ၄၀၀ လောက်က ထွက်လာကြတယ်ဗျ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က MPA သို့ပြောသည်။
ယင်းနေရပ်စွန့်ခွာများသည် လေးနှစ်ခန့်ကြာ ကိုယ်ပိုင်တောင်သူလုပ်ငန်းများကို စွန့်လွှတ်ကာ တောင်သူအငှားလိုက်လုပ်ငန်းများလုပ်ကိုင်၍ ရပ်တည်နေထိုင်နေရကြောင်း သိရသည်။
” အခုအနေအထားမျိုးမှာကျ သူတို့လုပ်တဲ့ လက်ငုပ်လက်ရင်းစီးပွားရေးလေးတွေကို ပစ်ပြီးပြေး လာရတဲ့အခါမှာ သူတို့တွေက ဘဝသစ်ပြန်စရတာပေါ့နော်။ ဘဝသစ်ပြန်စရတဲ့အခါမှာ သူများငှား ရမ်းတာလိုက်လုပ်ရတယ်။ မိုးရာသီဆိုရင် ရွှေထွက်တဲ့နေရာမှ ရွှေကျင်ရတယ်။ ဘဝကို အသစ်တဖန် ပြည်လည်ပြီးရုန်းကန်ကြရတာပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့် မတ်လကိုးရက်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က မင်းကင်းမြို့နယ်အတွင်းရှိ စစ်ရှောင်အိမ်ထောင်စု ၈၀ ခန့်ကို ဆန် ခုနှစ်ပြည်စီနှင့် ငွေကြေးအချို့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။