By Hlaing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခက်မှုကြောင့် ဒေသခံ ၂၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်၊ နံနက် ၉ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့များက ပေါက်ခေါင်းမြို့နယ်၊ ပြည် – ပေါက်ခေါင်းကားလမ်း၊ မိုင်တိုင်အမှတ် ၄/၁၃၊ စစ်တပ်ပိုင် အင်ငါးခွသကြားစက်ရုံအနီးရှိ ကံကြီးကျေးရွာ အရှေ့ဘုန်းကြီးကျောင်း၌ ဝင်ရောက်တပ်စွဲနေထိုင်ပြီးနောက် အနီးဝန်းကျင် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်.
ထိုကဲ့သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သစ်ရောင်းပြန်၊ ကံကြီးကုန်းနှင့် ဖိုလ်ကုန်းကျေးရွာများမှ ဒေသခံ ၂၀၀ ကျော်မှာ စစ်ရှောင်နေကြရကြောင်း ပြည်မြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုသက်နှင်းအောင်က ဆိုသည်။
“ ရွာကသေးတော့ စစ်ရှောင်ဦးရေ ၂၀၀ ကျော်လောက်ရှိတယ်။ စစ်ရှောင်နေရတာ နှစ်ပတ်ကျော်ကြာပြီ၊ စားနပ်ရိက္ခာလိုအပ်နေပါတယ်။ ရွာထဲမှာ ကျန်နေခဲ့တာက သက်ကြီးရွယ်အိုတွေနဲ့ လက်လုပ်လက်စားတွေပဲ ကျန်နေခဲ့တယ်” ဟု ကိုသက်နှင်းအောင် က ဆိုသည်။
ထို့ပြင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နွားကျောင်းရာမှ ပြန်လာသည့် ကိုရဲမြင့်ဆိုသူသည် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အပြင် နွားတစ်ကောင်လည်း မျက်လုံးထိခိုက်ခဲ့ကြောင်း သိရသည်။
“ ကိုရဲမင်းက နွားကျောင်းရင်းကနေ ပြန်လာတာ၊ ပြန်လာတဲ့အချိန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့လှမ်းပစ်တော့ ညာခြေသလုံးကို ထိသွားတယ်။ နွားကလည်း အငှားကျောင်းတာ၊ အဲ့ဒီနွားလည်း ထိသွားတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်ဇင်းဝတောင်ကြော၊ ပြည် – ပေါက်ခေါင်းကားလမ်းပိုင်း၌ စစ်ကားနှစ်စီး တိုက်ခိုက်ခံရပြီးနောက်၊ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာကျေးရွာနှင့် ပဲခူးရိုးမအတွင်းရှိ ကျေးရွာအချို့တွင် ဝင်ရောက်တပ်စွဲနေထိုင်ခြင်းကြောင့် အရပ်သားပြည်သူများမှာလည်း နေရပ်စွန့်ခွာ၍ စစ်ရှောင်နေရသည်။
ထို့ပြင် ယမန်နေ့ (၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်) ညနေပိုင်းတွင်လည်း ပေါက်ခေါင်းမြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ – ၁၉ မှ ထွက်လာသည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်မှာ က.ပ.စ ၁၉ အနီးရှိ ထန်းတပင်ကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၃၀ ခန့် ၊ ထန်းတောကြီးကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၄၀ ခန့်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်း အင်အားဖြန့် တပ်စွဲထားကြောင်း Pyay Underground News(PUGN) က ဖော်ပြထားသည်။
“ ပြည်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကလည်း အရပ်သားစစ်ရှောင်တွေကို ကူညီစောင့်ရှောက်ဖို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့လို အရပ်ဘက်အဖွဲ့တွေ ထူထောင်သင့်တယ်။ ကျတော်တို့ဒေသမှာ ဒါမျိုးမရှိဘူး။ မရှိလို့ အခု ပေါက်ခေါင်းစစ်ဘေးရှောင် ၁၅၀၀၀ ကျော် ကူရာကယ်ရာမဲ့နေတယ်။ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့နေရာတွေကို မြေလှန်ဖျက်ဆီးတဲ့စနစ်ကျင့်သုံးနေဦးမှာပဲ” ဟု Pyay Underground News(PUGN) မှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိ ပဲခူးရိုးမအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ သေဆုံးမှုများလည်းရှိနေသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့်အချိန်မှစတင်ကာ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာသူဦးရေ ၃၀ဒဿမ၅ သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA – Myanmar က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ သုံးရက်တွင် ထုတ်ပြန်ထားသည်။