By Nway / MPA
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူတစ်သောင်းခွဲခန့်တို့ စစ်ကြောင်းရှောင်နေရသည်မှာ ရက် ၂၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအတွက် စားနပ်ရိက္ခာနှင့်ခဲယမ်းများကို ပို့ဆောင်ပေးနေသော စစ်ကားနှစ်စီးကို တော်လှန်ရေးတပ်များ ဖြတ်တိုက်ခဲ့ပြီးနောက် စစ်တပ်က ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်လာသောကြောင့်ရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂထံက သိရသည်။
” စစ်ရှောင်ကတော့ ရေရှည်စစ်ရှောင်ရမယ့်အနေအထားဗျ။ ဖေဖော်ဝါရီထဲက ရှောင်နေရတာ ခုထိ နေရပ်မပြန်ရသေးဘူး။ လောလောဆယ်ကတော့ တောတွေထဲမှာ နေနေရတယ်။ တဲတွေထိုးပြီး နေကြတယ်။ ရှောင်တဲ့နားကလူတွေက တစ်ခါတလေ ကျွေးတာမွေးတာရှိပေမဲ့ အစားအသောက်နဲ့ ဆေးဝါးက အဓိကလိုနေတာ ” ဟု ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသက်နှင်းအောင်က MPA သို့ ပြောသည်။
စစ်ရှောင်နေရသည့် ကျေးရွာများမှာ ကံကြီးကုန်း၊ ဖိုလ်ကုန်း၊ကြို့ပင်ဝိုင်း၊ လွှစင်ကုန်း၊ ကျောင်းကုန်း၊ ငှက်ပျောတော၊ ရွာမ၊ ရွှေကူ၊ သဖန်းကိုင်း၊ သစ်ရောင်းပြန်နှင့် အိုင်ဇောက်ကျေးရွာတို့ဖြစ်သည်။
မတ်လရှစ်ရက်နေ့မှစတင်ကာ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွ သကြားစက်အနီး ကံကြီးကုန်းရွာဘုန်းကြီးကျောင်းတွင် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲခဲ့ကြောင်း သိရသည်။
” ကံကြီးကုန်းရွာကို လက်နက်ကြီးနဲ့ တစ်ချက်ပစ်တယ်။ ပစ်ပြီးတော့ ရွာထဲကိုဝင်လာတာဗျ။ လက်နက်အပြည့်အစုံနဲ့ ကားသုံးစီးရောက်လာပြီး တပ်စွဲသွားတာ ” ဟု ကိုသက်နှင်းအောင်က ပြောသည်။
မတ်လ ကိုးရက်တွင်ကံကြီးကုန်းရွာအခြေစိုက် စစ်သားများက နွားကျောင်းပြန်လာသည့် ကိုရဲမြင့် ဆိုသူကို သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ဒဏ်ရာရသဖြင့် ပေါက်ခေါင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။