By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာ၍ မန္တလေးသို့ စစ်ရှောင်လာသည့် ဗန်းမော်ဒေသခံများ စားဝတ်နေရေးခက်ခဲနေကြောင်း စစ်ရှောင်များထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လေးရက်၊ နံနက် ငါးနာရီခန့်မှစ၍ ယနေ့( ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်) အထိ ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော်ခန့်မှာ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ အခက်ခဲကတော့ နေစရာပေါ့။ ခွေး သုံးကောင်ပါလာခဲ့တော့ ဘယ်ကမှ လက်မခံကြဘူးလေ။ ဘုန်းကြီးကျောင်းကလည်း လက်မခံဘူး။ အိမ်ငှားခကလည်း အနည်းဆုံး ခြောက်လချုပ်ရတာဆိုတော့ ပိုက်ဆံက မလောက်ဘူး၊ လချင်းပေးငှားလို့ရမဲ့ အိမ်လိုက်ရှာပြီး နေနေတာ” ဟု မန္တလေးမြို့သို့ စစ်ရှောင်လာသည့် ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိ မန္တလေးမြို့သို့ စစ်ဘေးရှောင်လာသည့် ဗန်းမော်ဒေသခံအများစုမှာ ဘာသာရေးအဆောက်အအုံများတွင် နေထိုင်ကြရပြီး စစ်ရှောင်အသိမိတ်ဆွေများ စုပေါင်း၍လည်း အိမ်ခန်းငှား နေထိုင်ကြသူများလည်းရှိနေကြောင်း သိရသည်။
“ ဗန်းမော်မှာထဲက တိုက်ပွဲကြားထဲကနေ ပြေးရ၊ ရှောင်ရနဲ့ မန္တလေးရောက်ပြန်တော့လည်း စျေးရောင်းစားရတယ်။ အဆင်ပြေလှတယ်တော့ မဟုတ်ဘူးပေါ့။ ကလေးငယ်လေးလည်း ပါလာတော့ သူတို့ရဲ့ ပညာရေးလည်း ရှိသေးတယ်” ဟု မန္တလေး မြောက်ပြင်ရပ်တွင် နေထိုင်နေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဗန်းမော်မြို့မှ တိုက်ပွဲရှောင် နေရပ်စွန့်ခွာ ပြည်သူများအတွက် လူမှုကူညီရေးအသင်းများက မိသားစုထောက်ပံ့ကြေး၊ ပညာသင်ထောက်ပံ့ကြေးများလည်း ပေးအပ်လျက်ရှိကြောင်း သိရသည်။
“ ကျမလည်း ဇန်နဝါရီလကုန်အထိ ဗန်းမော်မှာ နေလို့ရသလောက် နေခဲ့တယ်။ အိမ်ဝန်းထဲ လက်နက်ကြီးကျတော့ ထွက်လာလိုက်တာ၊ မန္တလေးမှာက သူငယ်ချင်းရဲ့အိမ်မှာပဲ မိသားစုလိုက် ခဏနေနေတယ်။ ကျန်တာကတော့ အလုပ်ရှာ၊ အိမ်ရှာနဲ့ နည်းနည်းတော့ ခက်ခဲတယ်” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်နေသည့် အသက် ၂၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် မံစီမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဗန်းမော်မြို့သို့ စစ်ရှောင်ခဲ့သော်လည်း ဗန်းမော်မြို့တွင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွား၍ မန္တလေးမြို့သို့ ထပ်မံပြောင်းရွှေ့ စစ်ရှောင်ရသည့်အတွက် အဆင်မပြေမှုများစွာ တွေ့ကြုံနေရကြောင်း မံစီဒေသခံအချို့က ဆိုသည်။
လက်ရှိ ဗန်းမော်မြို့မှ စစ်ဘေးရှောင်များသည် ရွှေကူ၊ မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေး၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ သို့ တိမ်းရှောင်နေခြင်းဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် အလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲများဖြစ်ပွားနေ၍ ၂၀၂၄ ခုနှစ် နှစ်ကုန်၌ နေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၅ သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA – Myanmar က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ သုံးရက်တွင် ထုတ်ပြန်ထားသည်။