By Hlaing / MPA
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်နှင့် မလကာခြံကျေးရွာက အရပ်သား ၁၁ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်ရင်းနှင့် ရေစကြိုမြို့မှ ခလရ ၂၅၆၊ ၂၅၇နှင့် ၂၅၈ မှ အင်အား ၂၀၀ ကျော်သည် ၂၀၂၅ ခုနှစ်၊ မတ် တစ်ရက်မှ ငါးရက်အထိ ရေစကြိုမြို့နယ်မှ မြေစွန်းတော်နှင့် မာလကာခြံကျေးရွာ များကို စီးနင်း ဝင်ရောက်ခဲ့ပြီး နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အရပ်သားများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အား သိရှိသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
“ မြေစွန်းတော်က ကိုးယောက်၊ မာလကာခြံက နှစ်ယောက်အားလုံး ၁၁ ယောက် တွေ့တာ။ အလောင်းကမြေစွန်းရွာထဲမှာတင် တွေ့တာ၊ မြေစွန်းသားဆို အကုန်သတ်ဆိုပြီး ပစ်ဝင် ဝင်လာရင်း တွေ့တဲ့ ယောင်္ကျားလေးမှန်သမျှ သတ်သွားတာ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပြည်သူများ သေဆုံးမှုနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် အတွက် စစ်ကောင်စီ စစ်ကြောင်းအလစ်၌ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကြည့်ရှု့ခြင်းကြောင့် သိရှိရခြင်းဖြစ်ပြီး ထပ်မံ သေဆုံးသူများလည်းရှိနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူများအနက် မြေစွန်းတော်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ်ရှိ ဦးဟန်တင်၊ အသက် ၆၀ အရွယ် ဦးဌေးမြင့်၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့်နှင့် အသက် ၈၆ နှစ်အရွယ် ဒေါ်လှငွေတို့ကိုသာ အတည်ပြုနိုင်သေးကြောင်း Yesagyo Township Info Committee က ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို ဆက်လက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
“ စပြီး မီးရှို့တဲ့နေ့က မတ် တစ်ရက်နေ့ မနက်အစောကနေ စရှို့တာ၊ ရွာသားတွေကို တခါတည်း ပစ်သတ်ခဲ့တာ၊ လေကြောင်းကတော့ နေ့တိုင်းလိုလိုပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရေစကြိုမြို့နယ်အတွင်းရှိ ဆင်ခြေယာ၊ ဇရပ်နီ၊ သာဂေါင်၊ နွားမော့၊ ဖြုံဘူး၊ ကျောက်ဖူး၊ ကျွဲကုန်း၊ ဘုန်းတော်ပြည့်၊ မှတ်ကုန်း၊ မဲကုန်း၊ မိဖုရား၊ မီးလောင်ကျွန်း၊ ပေါက်တောကျွန်း၊ မဂ်လာခြံ၊ မြေစွန်းတော်၊ ရွာသစ်၊ ရွှေလှံကျေးရွာနှင့် မြောင်မြို့နယ်အနောက်ဘက်ခြမ်းရှိ ရွှေတချောင်း၊ နနွင်းကိုင်း၊ ဆူးလေကုန်း၊ ဆင်လှောင်၊ မြစ်သာ၊ သုခဒီပ၊ မြစ်ဆုံ၊ မင်းလှနှင့် ငါးရံ့အိုကျေးရွာမှ ဒေသခံ တစ်သောင်းဝန်းကျင် စစ်ရှောင်ထွက်ပြေးနေကြရသည်။
“ တောင်သူတွေလည်း အခုစစ်ဘေးကြောင့် ရွာတွေမှာ ပြန်မကပ်နိုင်ကြသေးတဲ့အပြင် တောထဲက လယ်ယာတွေလည်းရိတ်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်သေးဘူး။ အချို့သီးနှံတွေဆို ရေဓာတ်လိုနေလို့ ရေတင်လို့မရ၊ အားဆေးလိုအပ်တဲ့ စိုက်ခင်းတွေက အားဆေးလိုအပ် အကုန်ခက်ခဲနေကြတယ်” ဟု ဒေသခံ တောင်သူအမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီတစ်ရက်မှ လက်ရှိအချိန်ထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၃၈၉ ဦးရှိကြောင်း AAPP က မတ် ခုနှစ်ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းခဲ့ချိန်မှ လက်ရှိအချိန်ထိ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ် ၁၁၃၁၀၄လုံး ရှိကြောင်း လွတ်လပ်သည့် သုတေသနအဖွဲအစည်းတစ်ခုဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း