By Hlaing / MPA
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အနောက်ဘက်ခြမ်းရှိ ဒေသခံတစ်သောင်းဝန်းကျင် စစ်ရှောင်နေကြရကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများနှင့် စစ်ရှောင်ဒေသခံများထံမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ရှစ်နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီက အင်အား ၂၀၀ကျော်ဖြင့် စစ်ကောင်းထိုးလာမှုကြောင့် Myingyan Black Tiger (MBT) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ် နှစ်ရက်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီက ပခုက္ကူ တပ်မ ၁၀၁ နှင့် ရေစကြိုမြို့ ခလရ ၂၅၆၊ ၂၅၇နှင့် ၂၅၈ မှ အင်အားထပ်မံဖြည့်တင်းကာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးလျက်ရှိသည်။
“ ပြေးနေရတာ၊ ရွာပြန်မဝင်နိုင်သေးဘူး။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဘာမှ မကျန်လောက်အောင် ပျက်စီးဆုံးရှုံးသွားကြတာ၊ စစ်ကြောင်းကရွာတွေကိုဆက်ထိုးနေတုန်းပဲ၊ မနေ့က(မတ် ခုနှစ်ရက်) သာဂေါင်ကြီးရွာ၊ ဖြုံဘူးရွာတွေ ထိုးတယ်။ ရေစကြိုနယ်ထဲမှာတင် စစ်ဘေးရှောင် ၅၀၀၀ ဝန်းကျင် အနည်းဆုံးရှိမယ်။ မြောင်ဘက်ကပြည်သူတွေလည်း ပြေးနေရတာ” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် မတ် နှစ်ရက်မှ မတ် ငါးရက်အထိ မြေစွန်းတော်ရွာမှ အိမ်ခြေ ၃၀၀ကျော်( ရွာလုံးကျွတ်နီးပါး)ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စစ်ကြောင်းထိုးမှုအား မတိမ်းရှောင်နိုင်ဘဲ ရွာ၌ ကျန်ရစ်ခဲ့သည့် သက်ကြီးရွယ် အိုငါးဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိအချိန်ထိ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဉ် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။
“ မနေ့က(မတ် ၇ ရက်) အထိတော့ စစ်ကောင်စီက ဇရပ်နီရွာကနေ တပ်စိပ်လိုက် ခွဲဖြန့်စစ်ကြောင်းထိုးတာ၊ တပ်စိပ် တစ်စိပ်က တအားနယ်ကျွံလာလို့ ပစ်ခတ်လိုက်တာ ၁၅ ယောက်လောက်သေပြီး တပ်ကြပ်တစ်ယောက်နဲ့ MA1သေနတ်တစ်လတ်ရတယ်လို့ ပြောတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရေစကြိုမြို့နယ်အတွင်းရှိ ဆင်ခြေယာ၊ ဇရပ်နီ၊ သာဂေါင်၊ နွားမော့၊ ဖြုံဘူး၊ ကျောက်ဖူး၊ ကျွဲကုန်း၊ ဘုန်းတော်ပြည့်၊ မှတ်ကုန်း၊ မဲကုန်း၊ မိဖုရား၊ မီးလောင်ကျွန်း၊ ပေါက်တောကျွန်း၊ မင်္ဂလာခြံ၊ မြေစွန်းတော်၊ ရွာသစ်၊ ရွှေလှံကျေးရွာနှင့် မြောင်မြို့နယ်အနောက်ဘက်ခြမ်းရှိ ရွှေတချောင်း၊ နနွင်းကိုင်း၊ ဆူးလေကုန်း၊ ဆင်လှောင်၊ မြစ်သာ၊ သုခဒီပ၊ မြစ်ဆုံ၊ မင်းလှနှင့် ငါးရံ့အိုကျေးရွာမှ ဒေသခံ တစ်သောင်းဝန်းကျင် စစ်ရှောင်ထွက်ပြေးနေကြရကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းနှင့် ဝေးသည့် ဘာသာရေးအဆောက်အအုံများ၊ တောတောင်များနှင့် နီးစပ်ရာဆွေမျိုးများအိမ်တွင် ခိုလှုံနေကြရပြီး၊ စစ်ရှောင်ရက် ကြာရှည်လာပါက သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။
“ တစ်ရွာနဲ့ တစ်ရွာကလည်း အချင်းချင်း မကူညီနိုင်ကြတော့ဘူး။ အခုပြေးနေကြရတာက တစ်ဆက်တည်းရှိနေတဲ့ ရွာတွေ၊ ပါလာတဲ့ပစ္စည်းလေးတွေကို ချွေတာစားနေရတာပေါ့၊ နွေထဲဝင်လာတော့ ကလေးတွေဝမ်းရောဂါ၊ လူကြီးတွေရဲ့ ကျန်းမာရေးလည်း စိုးရိမ်ရတယ်” ဟု စစ်ရှောင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေ တစ် ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ် ၁၁၃၁၀၄ လုံး ပျက်စီးခဲ့ကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Data For Myanmar (DFM) ၏ အစီရင်ခံစာ အရ သိရသည်။