By Crystal / MPA
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကော့ကရိတ်-မြဝတီ(အာရှ)လမ်းတွင် စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ဆင်ရေးအတွင်းပါဝင်သော စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် နေရပ်ပြန်နေကြသည့် ကော့ကရိတ်ပြည်သူအချို့ ပြန်လည်စစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယနေ့ (၂၀၂၅ ခုနှစ်) ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက်ပိုင်းအထိ ကော့ကရိတ်နယ်မြေအတွင်းတွင် ထိတွေ့တိုက်ပွဲများ ဆက်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
” ကော့ကရိတ်မှာ နှစ်ဖက်ထိတွေ့မှု တွေကတော့ နေ့စဉ်ရှိပါတယ်။ စကစ ဘက်ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့နေ့စဉ်နီးပါး အသုံးပြု တိုက်ခိုက်နေပါတယ်။ ဒီနေ့မှာလည်း တိုက်ပွဲတွေ၊ ထိတွေ့မှုကတော့ ရှိတယ်ခင်ဗျ၊ကျတော်တို့ ကော့ကရိတ်ရော အာရှလမ်းတောက်လျှောက် ဝန်းကျင်ရောပေါ့ ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် ပြည်သူများကို ပေါ်တာဆွဲကာ ရရှိလာသည့် ရဲဘော်အသစ်များအား အင်အားတိုးဖြည့်တင်းပြီး မြဝတီမြို့ကို ပြန်လည်ရရှိရန် ကြိုးစားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်က ဆက်ပြောသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်များအား လှုပ်ရှားနယ်မြေ မကျယ်ပြန့်စေရန်နှင့် မြဝတီမြို့ကို မချိတ်ဆက်နိုင်စေရန် ဟန့်တားပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ တစ်ရက်နေ့မှစတင်၍ ကော့ကရိတ်မြို့တွင် တကျော့ပြန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်ခဲ့ကြရပြီး တစ်နှစ်ကျော်သည်အထိ ပြည်သူအများစုသည် နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
” ကော့ကရိတ်ကလူတွေ တော်တော် ဒုက္ခရောက်နေပြီ၊ အိမ်လခတွေ မပေးနိုင်လို့ ပြန်နေမယ်လုပ်တော့ မြို့ထဲမှာ လက်နက်ကြီး ကျတဲ့အခါကျတော့ ပြန်နေဖို့ အဆင်မပြေဘူး ဖြစ်ကုန်တယ်။ အစ်မကတော့ မြန်မြန်ပေးပြီးချင်ပြီ။ ပြန်ချင်တယ် ” ဟု ကော့ကရိတ်မြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ကော့ကရိတ်မြို့ပေါ်တွင်နေထိုင်သည့် ပြည်သူများထဲတွင် တိုက်ပွဲအခြေအနေကို စောင့်ကြည့်ကာ အချိန်အတိုင်းအတာတစ်ခုအထိ အခြေအနေတည်ငြိမ်စပြုသည့်အခါ နေရပ်ပြန်နေကြသူများလည်း ရှိပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲအခြေအနေပြင်းထန်လာသည့်အပေါ်မူတည်၍ ပြန်လည်စစ်ဘေးတိမ်းရှောင်ကြသူများလည်းရှိကြောင်း သိရသည်။
” အခြေအနေငြိမ်နေပြီဆိုလို့ ဆိုင်ပြန်သွားဖွင့်ထားပြီးမှ ဒီရက်တွေ နေ့တိုင်းပစ်နေလို့ ဆိုင်ပြန်ပိတ်ထားရတယ်။ ၂၂ ရက်နေ့လောက်ကတည်းက လက်နက်ကြီးတောက်လျှောက် ပစ်နေတာ၊ မနေ့ကဆို ပိုကြမ်းတယ်။ တစ်နေ့လုံးပဲ၊ ကော့ကရိတ်ဈေးကတော့ ဖွင့်ထားပေမဲ့ ဆိုင်ဖွင့်တဲ့လူ သိပ်မရှိဘူး။ တော်တော်များများ စစ်ရှောင်နေကြရတော့ ဆိုင်က ၁၀ ဆိုင်လောက်ပဲရှိမယ်။ အခြေအနေစောင့်ကြည့်နေတယ်။ ကလေးတွေကိုတော့ မော်လမြိုင်ပြန်ပို့ထားလိုက်ရတယ် ” ဟု ကော့ကရိတ်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်နေသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလ ရှစ် ရက်နေ့တွင်လည်း အောင်ဇေယျစစ်ဆင်ရေးအတွင်းပါဝင်သော စစ်ကောင်စီတပ်သားများသည် ကော့ကရိတ်မြို့၊ ရွာသစ်ကုန်းရွာရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးရာ နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ၄၅ မိနစ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထပ်မနည်းသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။