By Crystal / MPA
တနင်္သာတိုင်းအတွင်း၌ စစ်ဘေးရှောင်ဦးရေ ၇၇၂၀၀ကျော်ရှိနေပြီး သက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ဓာတ်ဆားအပါအဝင် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း FE5Tanintharyi အဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ရှောင်ဦးရေ ၇၇,၂၀၀ ကျော်သည် တိုက်ပွဲနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ကြပြီး FE5Tanintharyi အဖွဲ့က ယခုနှစ် (၂၀၂၅ ခုနှစ်)၊ ဇန်နဝါရီလအတွင်း စာရင်းကောက်ယူမှတ်တမ်းပြုစုကာ ယခုလ ဖေဖော်ဝါရီ ၂၁ နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
” စစ်ဘေးရှောင်တွေက တိုးလာပြီး အလှူငွေရရှိမှု နည်းနေတာ ဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ များပါတယ်။ အထူးသဖြင့် ရိက္ခာအခက်အခဲရှိတယ်။ အခုဆိုရင် နွေရာသီရောက်လာတော့ ချွေးထွက်လွန်တာမျိုးတွေရှိနိုင်တယ်။ ဆေးဝါးဆိုင်ရာ အခက်အခဲတွေပေါ့။ ဝမ်းပျက်ဝမ်းလျှောအတွက်နဲ့ ဓာတ်ဆားလိုဟာမျိုးတွေ နောက်ပြီး သက်ကြီးရွယ်အိုတွေအတွက် သွေးတိုးကျဆေးတို့ဘာတို့၊ ဆီးချိုဆေးတို့ စသဖြင့် ဒါမျိုးဆေးဝါးလိုအပ်ချက်တွေရှိပါတယ်။ ” ဟု FE5Tanintharyi အဖွဲ့၏ အယ်ဒီတာဖြစ်သူက ပြောသည်။
ထို့အပြင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးများနှင့် ရေနက်ဆိပ်ကမ်းကို နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း၊ ရေကြောင်းမှတိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ အရပ်သား ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးရမှု ပိုများပြားလာခဲ့ခြင်းဖြစ်သည်။
” တနင်္သာရီတိုင်းမှာက စစ်ဘေးရှောင်အရေအတွက် ကောက်တဲ့အခါမှာ အမျိုးသမီးတို့၊ ကလေးတို့၊ သက်ကြီးရွယ်အိုတို့ကို သီးခြားခွဲပြီး ကောက်နိုင်တဲ့အခြေအနေမှာ မရှိတဲ့အတွက် အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ စစ်ဘေးရှောင်အများစုက သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ပိုများတယ်လို့ ယေဘုယျအားဖြင့်တော့ ကျတော်တို့ ပြောလို့ ရပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဆေးဝါးအကူအညီက ပိုလိုအပ်နေတာ တွေ့ရတယ် ” ဟု FE5Tanintharyi အဖွဲ့၏ အယ်ဒီတာဖြစ်သူက ဆက်ရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစ၍ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ထားဝယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ရဲအိုင်ရွာ၊ ပဒိုင်းချောင်းရွာ၊ ခေါင်တိုင်ပြင်ရွာ၊ ပခပ်အင်းရွာ၊ ကင်းကုန်းရွာနှင့် ရေဝိုင်းကျေးရွာများမှ ဒေသခံတစ်ထောင်ဝန်းကျင် နီးစပ်ရာနေရာများသို့အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
” အဲ့ဒီရွာတွေက အခုထိ စစ်ရှောင်နေရဆဲဖြစ်တယ်။ စကစ စစ်ကြောင်းက အခုထိ မထွက်သေးဘူး။ အဲ့ဒီရွာတွေမှာ လှည့်လည်နေတယ်။ ဆိုတော့ အဲ့ဒီရွာသားတွေ အခုထိ ရွာပြန်မရသေးဘူး။တနင်္သာရီတိုင်းရဲ့ လက်ရှိ စစ်ရေးအခြေအနေက စစ်ပူနေတယ်လို့ ပြောရမှာပေါ့ဗျာ။ ကျတော်တို့က ပြည်သူတွေကို တတ်စွမ်းသလောက်ကာကွယ်တယ်။ တချို့နေရာတွေမှာ အင်အားမမျှတဲ့အခါ ပြည်သူတွေက စစ်ရှောင်ပေးရတယ်ပေါ့။ အဲ့ဒီအတွက်လည်း ကျတော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ တောင်းပန်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ အတွေ့မခံဘဲ ရှောင်ပေးကြပါ ” ဟု တနင်္သာရီတိုင်းစစ်ဌာန၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ပိတ်ဆို့တိုက်ခိုက်ခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။
” ရေဖြူမှာတော့ ခဏခဏ ပါပဲ၊ စကစ စစ်ကြောင်းထိုးတာဟာ ပြည်သူတွေလည်း နေသားကျပြီး ပြင်ဆင်တာတွေ ခဏခဏလုပ်ရတော့ အဆင်ပြေနေကြပါပြီ၊ ဘယ် ဘက်က ထိုးရင်ဘယ်ကိုရှောင်ရမလည်းဆိုတာလည်း သိနေကြပါပြီ၊ စစ်ရှောင် ခေါင်းစဉ်တပ်ပြီး ဆောင်ရွက်နေကြတဲ့အဖွဲ့တွေကိုလည်း ပြောချင်တယ်၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ မလုပ်ဘဲ မြေပြင်ကိုသေချာဆင်းပြီး သေသေချာချာလုပ်စေချင်တယ်။ တစ်ချို့တိုက်ပွဲတွေဆို တိုက်ပွဲပြီးမှ ပြည်သူတွေပြန်ကြမှ စစ်ရှောင်ခေါင်းစဉ်နဲ့လူတွေ လာတယ် ” ဟု ထားဝယ်ဒေသခံ ရဲဘော် တစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ အချို့စစ်ရှောင်များသည် လပေါင်းများစွာ အကူအညီမရရှိသဖြင့် အခြေခံစားနပ်ရိက္ခာအပါအဝင် အထွေထွေအကျပ်အတည်းနှင့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရသည်။
လက်ရှိတွင် USAID ရပ်နားလိုက်ခြင်းကြောင့် တိုင်းအတွင်းရှိ စစ်ဘေးရှောင်အဖွဲ့များ၏ ကူညီပေးရေးလုပ်ငန်းစဉ်များ ထိခိုက်ခဲ့သလို စစ်ရှောင်များအတွက် ထောက်ပံ့ရေးပစ္စည်းများလည်း ပိုမိုခက်ခဲလာကြောင်း FE5Tanintharyi အဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်ချိန်တိုင်း ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူအချို့မှာ ပြန်စရာနေအိမ်မရှိဖြစ်ကာ အမြဲတမ်းစစ်ရှောင်များအဖြစ် စစ်ဘေးလွတ်ရာနေရာများတွင်နေထိုင်နေကြရကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းခံရပြီးနောက် တနင်္သာရီတိုင်း၌ စစ်ဘေးရှောင်အရေအတွက်သည် နှစ်တစ်နှစ်ချင်းစီအလိုက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၂၀,၀၀၀ ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၅၉,၀၀၀ ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၇,၇၂၀၀ အထိ တစ်စတစ်စ ပိုပိုမြင့်တက်လာကြောင်း FE5Tanintharyi အဖွဲ့၏ အစီအရင်ခံစာအရ သိရှိရသည်။