By Ra Wai / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်အတွင်း ကောက်လာသည့်ဗုံးကို နေအိမ်တွင်း ဆော့ကစား ရာမှ ပေါက်ကွဲမှုဖြစ်ပြီး လင်မယားနှစ်ဦးသေဆုံးကာ သားဖြစ်သူဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၁ရက်၊နံနက်ရှစ်နာရီခန့်တွင် သီပေါမြို့နယ်၊ကုန်စုံရွာရှိ နေအိမ်တစ်လုံး၌ ကောက်လာ သည့် ဗုံးတစ်လုံးကို ဆော့ကစားခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီးဦးအိုက်လွယ်(အသက်၃၀)နှင့် ဒေါ်အေးအုပ်တို (အသက်၃၀)တို့ သေဆုံးခဲ့ပြီး ၎င်းတို့၏ သားဖြစ်သူ အသက်၁၄နှစ်အရွယ်ရှိ မိုင်းအိုက်ဟိန်းမှာ ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
“မကြာသေးဘူး၊ကုလသမဂ္ဂက ထုတ်ပြန်ထားတာရှိတယ်။မြေမြှုပ်မိုင်းတို့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တို့ကြောင့်ပေါ့။သေဆုံးသူအရေအတွက်ဟာ ကမ္ဘာမှာ မြန်မာကအများဆုံးဖြစ်နေပြီ လို့ဆိုတယ်။ ပြောရရင် တော်တော့်ကို ထိန်းမနိုင်သိမ်းမရအခြေအနေမျိုးလို့ထင်တယ်။အခုလို ဗုံးကို အခန့်မသင့် ရင် သေတတ်တယ်မှန်းတောင် မသိဘဲ ဆော့တာမျိုးကျတော့ ပညာပေးဖို့ တော်တော့် ကိုလိုအပ်နေကြောင်း သက်သေပါပဲ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
UNOCHA Myanmar ၏ ဖေဖေါ်ဝါရီ၁၉ရက် ထုတ်ပြန်ချက်တွင် အရှိန်မြင့်လာသည့် ပဋိပက္ခ၏ ရလဒ်အဖြစ် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်လာကြောင်း ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၁ရက်ကလည်း ကုန်စုံကျေးရွာသားနှစ်ဦးတို့သည် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးကြောင်း TNLAက ဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မိုင်းအိုက်ဟိန်း ကို TNLAနှင့် လူမှုကူညီရေးပရဟိတအသင်းတို့က ဆေးကုသရန် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
စာတည်း-ML