By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၀နာရီ ၄၆မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာ အထိုင်ချ စစ်ကောင်စီစခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ဒဏ်ရာရသူများမှာ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ထံကသိရသည်။
” စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းထဲကိုကျတာဗျ။ လက်နက်ကြီးတွေက ခုတလော တောက်လျှောက်ပစ်တော့ ဘယ်နှစ်လုံးပစ်လဲကို မသိရဘူး ” ဟု CHU PDF ၏ သတင်းပြန်ကြားတာ ဝန်ခံက MPA ကိုပြောသည်။
လက်နက်ကြီးကျရောက်ခဲ့သည့် ဘုန်းကြီးကျောင်းနှင့် ယင်းဘုန်းကြီးကျောင်းအတွင်း မည်သည့်အရပ်မှလာသည့် စစ်ဘေးရှောင်များ ခိုလှုံနေသလဲဆိုသည်ကိုမူ လုံခြုံရေးအရ ထုတ် ဖော်ပြောကြားခြင်းမရှိပေ။
ဖေဖေါ်ဝါရီ၁၉ရက်၊ညနေလေးနာရီကျော်ကလည်း မိတ္ထီလာရှမ်းတဲမှ တက်လာသော ဂျက်ဖိုက်တာ တစ်စင်းဖြင့် ချောင်းဦးမြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
” ဒီအတိုင်းလာပစ်တာဗျ။ တိုက်ပွဲမရှိဘူး။ ပြည်သူထိခိုက်မှုမရှိဘူးလို့ သိရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁၈ရက် ညနေပိုင်းကလည်း ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာမှ ပြည်သူ နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦး ဒဏ်ရာ ရရှိခဲ့သေးသည်။