By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူ ၈၀၀၀ ခန့်မှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်မှ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) အထိ စစ်ကောင်စီတပ်က Y-12 နှင့် အင်ဂျင်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ချောင်းဦးနှင့် မုံရွာအစပ်ရှိ ကျေးရွာ ၂၀ ခန့်က ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ ထံက သိရသည်။

ပုံစာ – စစ်ဘေးရှောင်များကို ရိက္ခာသွားရောက်ထောက်ပံ့စဉ်။

ပုံစာ – စစ်ဘေးရှောင်များကို ရိက္ခာသွားရောက်ထောက်ပံ့စဉ်။

ပုံစာ – စစ်ဘေးရှောင်များကို ရိက္ခာသွားရောက်ထောက်ပံ့စဉ်။
” လေကြောင်းတိုက်ခိုက်မှုကြောင့်၊ လက်နက်ကြီး ထုတာတွေကြောင့် ဒီနေ့အထိ ရှောင်ရတုန်းပဲ။ ၁၃ရက်နေ့ညပိုင်းက Y-12 နဲ့လာပစ်သွားတယ်။ မနက်ပိုင်း လေးခွဲလောက်ကျ Y-12 နဲ့ထပ်ပစ်တယ်။ အဲ့နောက်ရက်ကျ Paramotor (အင်ဂျင်တပ်လေထီး) နဲ့ချတယ်” ဟု မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် တစ်ဦးက MPA သို့ပြောသည်။
ထို့ကြောင့် ချောင်းဦးမြို့နယ်၊ အရှေ့ကျီကုန်း၊ မသဲကြိုး၊ အင်းမ၊ တပါယ်အင်း၊ ခင်မွန်၊ ရွာတော်လေး၊ ထူးနီ၊ တောင်ဖီသာ၊ မကြို၊ ရှမ်းထူး၊ တောင်နီကျေးရွာတို့နှင့် မုံရွာမြို့နယ်၊ ကျီးကုန်းအနောက်၊ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ လယ်တော်၊ ချမ်းသာကျွန်း၊ ဘုဘ၊ ချောင်းကောက်နှင့် မရိုးကုန်းကျေးရွာတို့က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ရှောင်ကတော်တော်များတယ်ဗျ။ အရင် နှစ်ရှည်စစ်ရှောင်တွေရော၊ ခုမှလတ်တလောပြေးရတဲ့ စစ်ရှောင်တွေရောဆိုတော့ ၈၀၀၀ နဲ့အထက်ပဲ။ လောလောဆယ်ကတော့ စားရေးသောက်ရေးပေါ့။ နေထိုင်စရာကတော့ တချို့ကသိတဲ့အိမ်တွေနေကြတာရှိတယ်။ အများစုကတော့ ဘုန်းကြီးကျောင်းတွေနေကြတယ်” ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်က မုံရွာမြိုနယ်၊ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ မရိုးကုန်းရွာနှင့် ချောင်းဦးမြို့နယ် ကုလားကြီးရွာ စစ်ရှောင်စခန်းတို့ကို Y-12 လေယာဉ်ဖြင့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းမုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီထံကသိရသည်။