By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်ရှိ အမြဲတမ်းစစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေကြောင်း ကျောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
၂၀၂၁ခုနှစ်၊ ဇူလိုင်လမှစတင်ကာ ဂန်ဂေါခရိုင်အတွင်းရှိ စစ်ဘေးရှောင်အချို့သည့် ကျောတိုက်နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများရှိ စစ်ရှောင်စခန်းများတွင် လက်ရှိအချိန်ထိ နေထိုင်နေရခြင်းဖြစ်ပြီး ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။
“ ဆေးဝါးဝယ်ယူရတဲ့အခါမှာ သယ်ယူမှုအခက်ခဲရှိသလို၊ ငွေကြေးအခက်ခဲတွေလည်း ရှိပါတယ်။ ရာသီဉတုကအရမ်း အေးနေတော့ အခုလိုကာလနဲ့ ပတ်သက်ပြီး ဆေးဝါးတွေလိုအပ်နေတာပါ ” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ကျောတိုက်နယ်မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အခြေခံဆေးဝါးများဖြစ်သည့် ဘာမီတွန်၊ အရက်ပြန်၊ ပင်နီဆလင်၊ ပါရာစီတမော၊ ဓာတ်ဆားထုပ်များနှင့် ဖျားနာကိုက်ခဲဆေးဝါးများအပြင် နာတာရှည်ရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်၊ အာရုံကြောနှင့် ပတ်သက်သည့် ဆေးဝါးများလိုအပ်လျက်ရှိနေသည်။
“ အခုစခန်းမှာက ယားနာတွေလည်း ဖြစ်နေတယ်။ တုပ်ကွေးလည်း ဖြစ်နေတယ်။ လိုအပ်တဲ့ဆေးတွေက ဆောင်းရာသီတွင်းဖြစ်တတ်တဲ့ရောဂါတွေအတွက်ပါ” ဟု ၄င်းက ဆက်လက်၍ ပြောသည်။
အဆိုပါစစ်ရှောင်စခန်း၌ လူဦးရေစုစုပေါင်း ၁၈၈ ဦး နေထိုင်လျက်ရှိပြီး စစ်ရှောင်များ၏ ကျန်းမာရေးအတွက် ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းမှ ဆေးတာဝန်ခံက ဆေးကုသပေးလျက်ရှိနေကြောင်း သိရသည်။
အမြဲတမ်းစစ်ရှောင်များအနေဖြင့် ၄င်းတို့၏ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှိူ့ဖျက်ဆီးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ကျောမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(က.ပ.စ – ၂၃) မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် နေရပ်ပြန်၍ မရသဖြင့် ယခုအချိန်ထိ စစ်ရှောင်နေရခြင်း ဖြစ်သည်။
“ ၂၀၂၁ နှစ်လယ်ကတည်းက ရှောင်လာတာ၊ ကျမတို့ရွာတွေဘက်ကနေ တခြားမြို့တွေဆီကို စစ်ရှောင်ကြသူတွေလည်း အများကြီးဘဲ၊ အခုမှ စစ်ရှောင်မယ်လုပ်တော့ စစ်တပ်က စောင့်ကြည့်နေတယ်လို့ ကြားတယ်။ ထွက်မရကြဘူး” ဟု အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ရှောင်များအတွက် စားနပ်ရိက္ခာအတွက် ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းမှ ပံ့ပိုးပေးလျက်ရှိနေသည်။
“ ဆေးဝါးလိုအပ်ချက်တွေဆိုတာက တိုက်ပွဲဖြစ်တဲ့နယ်မြေတွေမှာ လိုအပ်မှုနှုန်းမြင့်မားတယ်။ စစ်ကောင်စီက လမ်းတွေပိတ်၊ အစစ်အဆေးကျပ်တယ်။ ပြီးတော့ သူတို့ကို(စစ်ကောင်စီ) မပြောဘဲ ဆေးဝါးသယ်ရင်လည်း သိမ်းတယ်။ တိုက်ပွဲနဲ့ တိုးတဲ့အခါ ရေခဲပုံးနဲ့ထည့်သယ်ရတဲ့ ဆေးမျိုးဆို ပျက်သွားတာမျိုးတွေ ကြုံရတယ်” ဟု ယောဒေသရှိ အသက် ၂၅ နှစ်အရွယ်ရှိ ကျန်းမာရေးဆရာမတစ်ဦးက ဆိုသည်။
လက်ရှိ ပုလဲ – ဂန့်ဂေါလမ်းမကြီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားပြီး ကျောမြို့နယ်ကိုမူ စစ်ကောင်စီတပ်များက ထိန်းချုပ်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် ယောဒေသတွင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ အမြောက်တပ်နှင့် လေကြောင်းကိုသာ အသုံးပြု၍ ကျေးရွာများကို တိုက်ခိုက်မှုများပြုလုပ်လျက်ရှိနေပြီး၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း ကျော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်တို့ကို မြို့အပြင်များမှ ဝိုင်းဝန်းပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ထားကြသည်။
စာတည်း-ကိုဆန်း