By Zwe Ko /MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ ပြည်သူများသည် တိုက်ပွဲများကြောင့် စစ်ရှောင်နေရချိန် စစ်ကောင်စီက အဆိုပါကျေးရွာသို့ ဝင်ရောက်ပြီးနောက် ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးရဲဘော်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်က စစ်ကောင်စီတပ်သည် သစ်ပုတ်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး နေအိမ် ၄၁လုံးနှင့် ဘုန်းကြီးကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစသ်ည်။
“ စစ်တပ်က ရွာထဲဝင်ပြီး မီးရှို့သွားတာ၊ ပြန်မကြည့်ရဲတော့ ဘယ်သူ့အိမ်တွေပါသွားတယ်ဆုတာ မသိရသေးဘူး။ ရွာတောင်ပိုင်းက အိမ်တွေမီးထဲပါသွားတယ်လို့ပဲသိရတယ် ” ဟု သစ်ပုတ်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါသစ်ပုတ်ကျေးရွာသည် နေအိမ် ၂၀၀ကျော်ရှိပြီး ပြည်သူ ၃၀၀၀ကျော်နေထိုင်သည့် ရွာတစ်ခုဖြစ်ကာ ယင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများသည့် ယမန်နှစ်(၂၀၂၄ခုနှစ်)၊ ဩဂုတ်ကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင်နေရခြင်းလည်း ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီသည် သစ်ပုတ်ကျေးရွာသို့ မကြာခဏ စစ်ကြောင်းထိုးကာ၊ တပ်စွဲမှုများပြုလုပ်သည့်အပြင် ရွာခံများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ဒေသခံများသည် ရွာကို စွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
“ အကိုသိတာတင် ရွာမှာ အသတ်ခံရတာ လေးယောက်ရှိပြီ၊ အမျိုးသားတွေကြီးပဲ၊ အဲ့ဒီတော့ ရွာသားတွေလည်း မနေရဲတော့ဘူး။ အစောကတည်းက ရွာကနေ ရှောင်လာတဲ့သူတွေလည်းရှိတယ်။ အခုဆို တစ်ရွာလုံးရှောင်နေရတာ၊ နီးစပ်ရာ အမျိုးတွေ၊ မြို့ပေါ်နဲ့ အခြားရွာတွေကို ရှောင်ကုန်ကြတာ ” ဟု ၎င်းက ပြောသည်။
သစ်ပုတ်ကျေးရွာသည် ပဲခူးရိုးမအနီးတွင် တည်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားသည့် ပဲခူးရိုးမသို့ စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးရာတွင် အဆိုပါကျေးရွာသည် ဓားစာခံဖြစ်ရကြောင်း ပေါင်းတည်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“ သစ်ပုတ် အနီးအနားကရွာတွေအပါဆို ၁၀ရွာထက်မနည်းကို စစ်ကောင်စီက မီးရှို့ခဲ့တာ၊ တောင်ခမောက်၊ မအူကွင်း၊ လက်ပံခုံ၊ နတ်ရေကွင်း၊ သစ်ပုတ်၊ နတ်ကန်၊ ညောင်ပင်၊ လဲပင်၊ စမ်းမအိုင်၊ ထန်းကုန်း အဲ့ဒီရွာတွေမီးရှို့ခံရတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီးတော့ စစ်တပ်က မီးလိုက်ရှို့နေတာ ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။
လက်ရှိ သစ်ပုတ်ကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်စွာ ရှိနေသောကြောင့် အလုံးစုံရှင်းလင်းမှု မလုပ်ဆောင်နိုင်သေးကြောင်း ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ နည်းနည်းပဲရှင်းနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာ စစ်တပ်အထိုင်စခန်းကရှိတယ်လေ၊ ကျတော်တို့က သတ်ကွင်းထဲရောက်နေတော့ သတိထားပြီး ရှင်းလင်းမှုလုပ်နေရတယ်။ စစ်တပ်က သစ်ပုတ်ရွာ အပေါ်ဘက် တာဝန်တိုင်အထိုင်စခန်းမှာရှိသေးတယ် ” ဟု ၎င်းက ရှင်းပြသည်။
ယမန်နှစ်( ၂၀၂၄ခုနှစ်)၊ ဒီဇင်ဘာလကလည်း သစ်ပုတ်ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမနှင့် ထိစပ်နေသည့် မြို့များတွင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေများကို စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးပြီး အထိနာသည်နှင့် တိုက်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ အမြဲလိုလိုလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။