By Jar Seng / MPA
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်တွင် အရေပြားရောဂါဖြစ်ပွားနေသည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ဆေးဝါးပစ္စည်းများနှင့် ငွေကြေးအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ဂွမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ၌ သက်ကြီးရွယ်အိုများအပါအဝင် ထောင်နှင့်ချီသော ကလေးငယ်များသူ အရေပြားရောဂါကို ခံစားနေရခြင်း ဖြစ်သည်။
ယမန်နှစ်( ၂၀၂၄ခုနှစ်)၊ ဒီဇင်ဘာလမှ စတင်ကာ ဂွမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် ကျိန္တလီမြို့၊ ဆပ်သွားတိုက်နယ်နှင့် ကုလားပြင်တိုက်နယ်မှ ကျေးရွာ ၁၂ရွာမှ ကလေးငယ် ၂၀၀၀ကျော်သို့ အရေပြားရောဂါ ကူးစက်နေကြောင်း သိရသည်။

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ

ပုံစာ- အရေးပြားရောဂါဖြစ်ပွားနေသောကလေးသူငယ်များ
“ အနာစိမ်းတွေ သိသိသာသာ စပေါက်တာက ပြီးခဲ့တဲ့လကစပြီး သတိထားမိကြတာပါ၊ ဒီမှာရှိတဲ့ စစ်ရှောင်များစု လိုလိုဖြစ်နေတာလို့ ပြောရမယ်။ အများစုကတော့ ကလေးငယ်တွေပေါ့၊ အချို့ ကလေးတွေဆို မအိမ်နိုင်ကြဘူး။ နေ့ရော၊ ညရော အနာတွေယားလာရင် ကုတ်တယ်။ ငိုတယ်” ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် မိသားစုဝင်တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အရေပြားရောဂါဖြစ်ပွားနေသည့် ကလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် ယားနာ၊ ခူနှင့် ဝဲများ ပေါက်နေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ဂွမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ အရေပြားရောဂါ ကူးစက်မှု များပြားနေရခြင်းသည် ဒေသတွင်း ဆေးဝါး လုံလောက်မှုမရှိခြင်း၊ ပစ္စည်းကိရိယာများ ရှားပါးခြင်းနှင့် ငွေကြေးမတတ်နိုင်မှုများကြောင့် ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
“ ကလေးတွေဖြစ်နေတာ တော်တော်ဆိုးဆိုးဝါးဝါးပဲ၊ အချို့မိဘတွေက တောဆေးမြစ်တွေ ရှာပြီး လိမ်းပေးကြတယ်။ ဒါပေမဲ့လည်း မသက်သာကြဘူး။ စစ်ကောင်စီက လမ်းကြောင်း အားလုံးပိတ်ထားတော့ ဆေးပစ္စည်းတွေလည်း မရောက်၊ လိုအပ်တဲ့ ပစ္စည်းတွေကလည်း ရှားပါးကုန်ပြီ၊ ဆရာခိုတောင် တော်ရုံနဲ့ ရှာမတွေ့တော့ဘူး။ ငွေကြေးကလည်း ကျပ်တည်းတော့ ပိုဆိုးကုန်တာပေါ့ ” ဟု ၎င်းက ပြောသည်။
လက်ရှိ ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်သော်လည်း ဆေးဝါး ပစ္စည်း ကိရိယာသယ်ယူခွင့် နှင့် လူသုံးကုန်ပစ္စည်း သယ်ယူခွင့်များကို စစ်ကောင်စီက ဖြတ်လေးဖြတ်ဖြင့် ကန့်သတ်ထားခြင်းကြောင့် ငွေကြေးရှိသည့် စစ်ဘေးရှောင်များပင် ဆေးဝါးဝယ်မရသည့် အခြေအနေများ ကြုံတွေ့နေရခြင်းဖြစ်သည်။
ယခုကဲ့သို့ အရေပြားရောဂါခံစားနေရသည့် စစ်ဘေးရှောင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် AA က ကူညီပေးမှုများရှိသော်လည်း ဖြစ်ပွားသည့် လူဦးရေ များပြားနေခြင်းကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည်။
“ တပ်တော်ကလည်း ကူညီပေးနေတာ အချို့ရှိပါတယ်။ ဒါပေမဲ့လည်း စစ်ဘေးရှောင်ဦးရေနဲ့ ကူညီပေးနေတဲ့ အနေအထားက မမျှတဘူး။ ပြီးတော့ အခုတော်တော်များများက လက်ထဲမှာ ပိုက်ဆံရှိလို့ ဆေးဝယ်ချင်တယ်ဆို လည်း ပစ္စည်းက ရှာမတွေ့ဘူး။ အဲ့ဒီလိုဖြစ်နေတာပါ ” ဟု စစ်ဘေးရှောင်များအတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
ဂွမြို့နယ်အတွင်း အရေပြားရောဂါဖြစ်ပွားမှု များပြားနေရခြင်းသည် စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဓာတု ဗုံးများ ကြဲခြင်းကြောင့် ရေတွင်း၊ ရေကန်များနှင့် သီးပင်စားပင်များပေါ်သို့ အဆိပ်များကျရောက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။
“ ဒါတွေက လူနေထူထပ်တာတို့၊ တစ်ကိုယ်ရည် မသန့်ရှင်းတာတို့ကြောင့် ဖြစ်တာဆိုပေမဲ့၊ စစ်ကောင်စီက ဓာတုလက်နက်တွေ သုံးပြီး ဗုံးကြဲတာတွေက ရေတွင်း၊ ရေကန်ထဲကျတာတွေရှိတယ်။ အဲ့ဒီရေတွေထဲမှာ အဆိပ်အတောက်တွေကြောင့် ပါကောင်းပါနိုင်တယ်။ အဲ့ဒီရေတွေကို ဒေသတွင်း လူတွေ၊ စစ်ရှောင်တွေကသုံးမယ်။ အဲဲ့ဒီကနေလည်း အခုလိုရောဂါတွေ ဖြစ်နိုင်တယ် ” ဟု ဂွမြို့နယ်၊ ဒေသခံတစ်ဦးက ၎င်း၏ အယူအဆကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဂွမြိုနယ်အပြင် ပုဏ္ဏားကျွန်း၊ မင်းပြား၊ သံတွဲနှင့် ရမ်းဗြဲဒေသများ၌ပါ အရေပြားရောဂါများဖြစ်သည့် ယားနာများ၊ ဝဲနှင့် ခူများ ကူးစက်ပြန့်ပွားနေပြီး ဆေးဝါးများလည်း ရှားပါးနေလျက်ရှိသည်။
ULA/HDCO ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ကောက်ယူထားသော စာရင်းအရ ရခိုင်ပြည်နယ်တွင် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေသော စစ်ဘေးရှောင် ငါးသိန်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသည့်အပြင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ခုနှစ်ရက်က UNDP က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင်လည်း ၂၀၂၅ခုနှစ် နှစ်လယ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ ပြည်သူ နှစ်သန်းခန့်မှာ အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ဆိုထားသည်။