By Ra Wai / MPA
ဇန်နဝါရီလအတွင်း ပုလဲမြို့နယ်၊ ပျူစောထီးရွာနှစ်ရွာမှ ထွက်လာသည့် ပြည်သူ ၂၀ဝန်းကျင်ရှိကြောင်းသိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီတွင် ပုလဲမြို့နယ်၊ အင်မထီးနှင့် ဇီးဖြူကုန်းပျူရွာတို့မှ ထွက်ပြေးခိုလှုံလာသည့် အရပ်သားပြည်သူ ၂၀ကျော်ရှိပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
” ဒီကိစ္စကတော့ အသေးစိတ်မပြောတော့ပါဘူး။ နောက်ဆက်တွဲ ဒေသတွင်း စစ်ကြောင်းထိုး ရိုက်ခတ်မှာလည်း ပူတာပေါ့နော်။ တစ်လအတွင်းလောက်ပဲရှိပါသေးတယ်။ နှစ်ရွာပေါင်း လူ ၂၀လောက်အထိထွက်လာတဲ့အခြေအနေရှိပါတယ် ” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက MPAသို့ပြောသည်။
ပျူရွာနှစ်ရွာအတွင်း၌ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခက်ခဲပြီး အလုပ်လည်း လုပ်၍မရကြောင်း ထွက်ပြေးခိုလှုံလာသူတို့ထံက သိရသည်ဟု ၎င်းကဆိုသည်။
” အတွင်းထဲမှာကတော့ ရေရှည်ဆိုတော့ အစားအသောက် အင်မတန်မှ ခက်ခဲတယ်လို့ကြားသိရ တယ် ပေါ့နော်။ ဒါကတော့ ထွက်လာတဲ့လူတိုင်းကို စစ်တဲ့အချိန်မှာ အစားအသောက်ခက်ခဲတယ်။ နောက်ပြီးကျ ကျန်းမာရေးပြဿနာပေါ့၊ ဆေးဝါးကုသဖို့ရာခက်ခဲတယ်။ အတွင်းထဲမှာပဲ နှစ်ချီပြီး ဘယ်မှလည်း မသွားရမလာရ၊ ဒီရွာလေးထဲမှာ ဘယ်ဈေးသည်မှလည်း မလာ။ အလုပ်ကိုလည်းမလုပ်ရတော့ အရာအားလုံးခက်ခဲတာပေါ့နော်” ဟု ၎င်းကပြောသည်။
ယင်းပျူရွာနှစ်ရွာအတွင်း၌ သာမန်ပြည်သူများ ကျန်ရှိနေသေးသော်လည်း အရေအတွက်အတိအကျ ကိုမူ မသိသေးပေ။
ပျူရွာမှထွက်ပြေးခိုလှုံလာသူများကို လိုအပ်သည်များလည်း ထောက်ပံ့ကူညီမှုပေးနေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။
စာတည်း-ML