By Bala / MPA
တိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသို့ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ထပ်တိုး ရောက်ရှိလာကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်မှစတင်ကာ လွိုင်ကော်နှင့် မိုးဗြဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လွိုင်ကော်အရှေ့ခြမ်း၊ မိုးဗြဲနှင့် ပင်လောင်းတို့ရှိ ဒေသခံများ အများဆုံးပါ ဝင်သည့် ပြည်သူ ၉၉၁ဦး ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာ ၁၃ရွာ၌ စစ်ရှောင်နေရကြောင်း အရှေ့ဒီးမော့ဆိုမြို့နယ်၊စစ်ဘေးရှောင်ကော်မတီ၏ ဗဟိုကော်မတီဝင်တစ်ဦးကပြောသည်။
“ အခုဆို ထပ်တိုးလာတာပေါ့။သူတို့ကိုအရှေ့ခြမ်းက ရွာ ၁၃ရွာမှာ ထားထားပါတယ်။ စစ်ရှောင်အသစ်တွေကတော့ တိုက်ပွဲတွေပြန်စလာလို့ရှောင်လာတဲ့ ယာယီစစ်ရှောင်တွေပေါ့” ဟု ၎င်းက MPAသို့ပြောသည်။
စစ်ရှောင်ပြည်သူများကို ဘုန်းကြီးကျောင်းများ နှင့် ရှိနှင့်ပြီးစစ်ရှောင်စခန်းများတွင် ယာယီနေရာချထားပြီး စစ်ရှောင်စခန်းအသစ်ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
“ ဒီမှာက အမြဲတမ်းစစ်ရှောင်တွေရှိတယ်။သူတို့ကကျတော့ စစ်ကောင်စီကို အမြစ်ဖြတ်နိုင်မှပဲ အိမ်ပြန်လို့ရမယ့်စစ်ရှောင်တွေပေါ့။အဲ့စစ်ရှောင်တွေရဲ့ ရွာတွေက စစ်တပ်နဲ့ အနီးဆုံးနေရာတွေမှာရှိတာပါတယ်။ပြီးရင် ဒီးမော့ဆိုမြို့ပေါ်ကလူတွေနေနေရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာ ၂၁ရွာတွင်စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၇၈၀၀ကျော်ရှိကြောင်း အရှေ့ဒီးမော့ဆိုမြို့နယ်၊ စစ်ဘေးရှောင်ကော်မတီထံက သိရသည်။

