By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်များရှိရာသို့ စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂၅ရက်) မွန်းလွဲ သုံးနာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ လွိုင်နန်းဖ ကျေး ရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့ကြောင်း လွိုင်နန်းဖရွာနေ စစ်ရှောင်တစ်ဦးထံက သိရသည်။
“ နေ့လယ်သုံးနာရီလောက်က စပစ်တာ။ကျတော်က လောက်စာလုံးလုံးနေတုန်း ကြောက်လို့ မြောင်းထဲပြေးဝင်တာပေါ့။လယ်ကွင်းထဲ ငါးလုံးကျတယ်။ရွာထဲ တစ်လုံးကျတယ်။ပစ်သံတွေက ၃နာရီ ၂၀လောက်မှာ ငြိမ်သွားတာ။ဒီရွာမှာက ဘယ်တပ်ဖွဲ့မှလည်း မရှိဘူး။အကုန်စစ်ရှောင် တွေချည်းပဲ” ဟု ၎င်းက MPAသို့ ပြောသည်။
ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂တပ်က ပစ်ခတ်ခြင်းဖြစ်ပြီးလွိုင်နန်းဖရွာအတွင်းသို့ လက်နက် ကြီးကျရောက်မှုကြောင့် စစ်ရှောင်တစ်ဦး၏ နေအိမ်ဝရန်တာ၊ကုန်တင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ ထိခိုက်ခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။
“ ထိတဲ့စစ်ရှောင်အိမ်က လူတွေကတော့ ဖြစ်ပြီးသိပ်မကြာဘူး၊ရှောင်သွားကြပြီ။ရွာထဲမှာလည်း ကြောက်လို့ မီးမှိတ်ပြီးနေနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် လွိုင်နန်းဖရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း သိရသည်။





