By Hlaing / MPA
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ တစ်သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီပေးနေသူများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လလယ် မှစ၍ လက်ရှိအချိန်ထိ မတ္တရာမြို့နယ်အနောက်ခြမ်း မြွေသစ်တောရုံး၊ မြွေဥဒိန်၊ မြွေထိန်ပင်၊ မြွေပုသိမ်၊ မြွေတစ်လိုင်း၊ မြွေဆင်ကုန်း၊ တံငါရွာ၊ ရွာသစ်၊ ဝန်စု၊ ထိန်ပင်စောက်၊ စိန်ပန်းကုန်းကျေးရွာများအထိ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံပြည်သူတစ်သောင်းကျော်မှာ ဘေးလွတ်ရာနယ်မြေများသို့ ရှောင်တိမ်းနေရခြင်း ဖြစ်သည်။
“ အခက်အခဲတွေကတော့ စစ်ရှောင်တွေမှာ လေဖြတ်တဲ့သူတွေ၊ နေမကောင်းတဲ့သူတွေရောပါတယ်။ အဘိုးကြီး၊ အဘွားကြီးတွေဆိုတော့ အခု ဆောင်းတွင်းဖြစ်နေတော့ တဲလေးတွေနဲ့ နေရတော့ ဘယ်အဆင်ပြေမလဲဗျ၊ စားသောက်ရေးအတွက်က ရွာပကဖတွေက ကျွေးထားတယ်။ နေရာစုံရှောင်နေကြတော့ အမျိုးမျိုးပါဘဲ၊ ရွာတွေထဲ စစ်ကောင်စီရှိနေတော့ မီးရှို့ခံရတဲ့ အိမ်ခြေကတော့ အတိအကျမသိပါဘူး” ဟု The Voice of Mandalay အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် မတ္တရာမြို့နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ တံငါရွာ၊ မြွေထိန်ပင်၊ မြွေပုသိမ်၊ ထိန်ပင်စောက်နှင့် မြွေတလိုင်းကျေးရွာ အပါအဝင် တံငါးသည်ချောင်းပတ်ဝန်းကျင်အနီးမှ ဒေသခံပြည်သူများလည်း တိမ်းရှောင်နေရကာ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါးပစ္စည်း အကူအညီများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ်မှ စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ မတ္တရာနယ် အနောက်ဘက်ခြမ်းက ပြည်သူတွေက ဝက်လက်နယ်ထဲကို ရှောင်ကြတာရှိတယ်။ မြစ်ရိုးတလျှောက်က ရွာတွေကို စစ်တပ်က အပြန်ပြန်အလှန်လှန် မီးရှို့နေတော့ အကုန်ထွက်ပြေးနေကြရတယ်။ ဝန်စုရွာဘက်ကဆို သုံးလေးလလောက်ရှိပြီ ရှောင်နေရတာ” ဟု မတ္တရာဒေသခံတစ်ဦးက ဆိုသည်။
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများရှိရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲခြင်း၊ လေကြောင်းအသုံးပြု၍ တိုက်ခိုက်ခြင်းတို့ကြောင်း ပြည်သူများ သေဆုံးမှုရှိနေပြီး၊ နေအိမ်အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်ခြင်းများရှိကြောင်း ဒေသခံအချို့က ဆိုသည်။
ယမန်နှစ်(၂၀၂၄ ခုနှစ်)၊ ဒီဇင်ဘာ ခြောက်ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF) က မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တလက်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်နေပြီး၊ ရွာသစ်၊ ဝန်စုနှင့် ထိန်ပင်စောက်ကျေးရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း ဒီဇင်ဘာ ကိုးရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က မတ္တရာမြို့နယ်ရှိ ထန်းပင်ကုန်းကျေးရွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး အခြားသောနေရာများကိုလည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။
မတ္တရာမြို့နယ်သည် မြောက်ဘက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ လှုပ်ရှားနယ်မြေ၊ အရှေ့ဘက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ နယ်မြေများနှင့် ထိစပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ မြို့နယ်တစ်ခု ဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ တစ်ရက်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၁ ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သား ပြည်သူများ၏ နေအိမ်ပေါင်း ၁၀၆၄၀၉ အိမ် ပျက်စီးခဲ့ကြောင်း Data For Myanmar ၏ အစီရင်ခံစာ အမှတ်စဥ် (၈) ၌ ဖော်ပြထားသည်။