By Jar Seng / MPA
တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင် ၅၀၀၀၀ခန့်သည် ဆန်၊ ဆီ၊ စားနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်နေပြီး၊ အဟာရပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်အချို့ သေဆုံးမှုများပင်ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် သံတွဲမြို့နယ်၊ ငလပီ၊ ကျိန္တလီ နှင့် ဆက်လက်ထိုးစစ်ဆင်နေသည့် ဂွမြို့နယ်တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာနှင့် ဆေးဝါးများအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းများလည်း အရေးပေါ်လိုအပ်လျက်ရှိနေသည်။



“ ကျတော်တို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ သံတွဲ၊ ငပလီ၊ ကျိန္တလီနဲ့ ဂွဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို တိုက်ပွဲစဖြစ်ကတည်းကနေ အခုချိန်ထိ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတာပါ၊ အခုနောက်ပိုင်း ကူညီနေတာအချို့ကို အလှူငွေ မရရှိလို့ ရပ်တန့်လိုက်ရတာတွေရှိတယ်။ လေကြောင်းရန်ကြောက်ရတာတစ်မျိုး၊ လက်နက်ကြီးကြောက်ရတာတစ်မျိုးနဲ့ စစ်ရှောင်ဦးရေက တိုးသထက်တိုးလာနေတယ်။ အလှူငွေရရှိမှုကလည်း နည်းသထက်န်ည်းလာတာကြောင့် ပိုခက်ခဲတယ် ” ဟု ငပလီကမ်းခြေစုပေါင်း ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများ၌ သက်ကြီးရွယ်အို ၊ အမျိုးသမီးများနှင့် ကလေးငယ် အများအပြားပါဝင်နေပြီး လှူဒါန်းမှုနည်းပါးလာခြင်းကြောင့် ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် ပရဟိတအသင်းများက ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ၌ တိုက်ပွဲများနှင့် စစ်ကောင်စီ လေကြောင်းကြောင့် စစ်ဘေးရှောင်လာသည့် ပြည်သူများသည် သံတွဲမြို့နယ်မှ ၂၀၀၀၀ကျော်၊ ဂွမြို့နယ်မှ ၁၀၀၀၀ကျော်၊ ကျိန္တလီမြို့မှ ၈၀၀၀ကျော်နှင့် ငလီမြို့မှ ၇၀၀၀ကျော်ရှိကြောင်း ပရဟိအသင်းများ၏ အချက်အလက်များအရသိရသည်။
“ ကျတော်တို့ ကူညီပံ့ပိုးပေးနေတာတွေမှာ အကန့်အသတ်တွေ အများကြီးရှိတယ်။ ကျန်းမာရေးအတွက်၊ စားနပ်ရိက္ခာအတွက် ကူညီမှုတွေပေးနေတာ၊ ဟိုတစ်နေ့ကဆို ကျောက်ကြီးဘက်က စစ်ရှောင်စခန်းမှာ အဟာရပြတ်လပ်လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးနှစ်ဦးရှိတယ် ” ဟု ရခိုင်ပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ထို့ပြင် ဆောင်းတွင်းကာလဖြစ်သောကြောင့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊ စောင်များလည်း လိုအပ်နေသော်လည်း အလှူငွေမရရှိသဖြင့် မလှူဒါန်းနိုင်သည့် အဖြစ်ကို ပရဟိတအဖွဲ့များ ကြုံတွေ့နေရသည်။
“ရခိုင်ပြည်နယ်တောင်ပိုင်းတစ်ခုလုံးက အလှုငွေရတာတွေ နည်းလာတယ်။ ဒီမှာက ရာသီဥတုကလည်း အရမ်းအေးတော့ စောင်တွေ၊ အနွေးထည်တွေလိုအပ်တယ်။ ပြီးတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း လိုအပ်တယ်။ အမျိုးသမီးလစဉ်သုံးက တစ်ခုကို ၈,၅၀၀ လောက်ဆိုတော့ အယောက်တစ်ထောင်စာဆိုရင် ၈၅ သိန်းလောက်ဖြစ်သွားပြီဖြစ်လို့ မဝယ်နိုင်ဘူး။ အဓိက က လတ်တလော ဝမ်းစာဖြည့်ဖို့အတွက် ဆန်၊ ဆီ၊ ဆားတွေ လိုအပ်ပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသည့် အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အာရက္ခတပ်တော် (AA)က ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဂွမြို့နယ်အား သိမ်းပိုက်နိုင်ရန် မြို့နှင့်အနီးဆုံး တစ်မိုင်ခန့်အကွာမှ ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီကလည်း ၎င်းတို့၏ တပ်စခန်းများမကျဆုံးရေးအတွက် အပြင်းအထန် ခုခံကာကွယ်နေခြင်းကြောင့် ပြည်သူများမှာ ဘေးကင်းလုံခြုံရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၇၃၅ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့သူ ၁,၅၆၉ ဦး နှင့် ဖမ်းဆီးခံရသူ ၇၄၉ ဦး အထိရှိပြီး စစ်ဘေးရှောင်ဦးရေ – ၅၅၃,၆၉၆ ဦးရေကျော်ရှိကြောင်း ရက္ခိုင့်အမျိုးသားအဖွဲချုပ်၏ လူသားချင်း စာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ( HDCO )က ထုတ်ပြန်ထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လာခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်းပိတ်ဆို့ခံထားရခြင်း၊ ပြည်တွင်း ပြည်ပ ကုန်ပစ္စည်းဝင်ရောက်မှု အကန့်အသတ်ရှိခြင်း၊ ဝင်ငွေမရှိခြင်းနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ၂၀၂၅ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လူဦးရေ နှစ်သန်းကျော်ခန့်သည် အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်ကြောင်း နိုဝင်ဘာ ခုနှစ်ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။