By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲသို့ လွိုင်ကော်မြို့မှ ဒေသခံ ၁၀၀ ကျော် စစ်ဘေးရှောင်လာကြောင်း သိရသည်။
နိုဝင်ဘာ ဒုတိယအပတ်မှစတင်ပြီး လွိုင်ကော်မြို့မှ ပြည်သူများ တဖြည်းဖြည်း စစ်ဘေးရှောင်လာခဲ့ ရာ ယနေ့(နိုဝင်ဘာ၂၅ရက်)အထိ စာရင်းများအရ လွိုင်ကော်စစ်ဘေးရှောင် အိမ်ထောင်စု ၇၀ကျော်ရှိ ကြောင်း ဒီးမော့ဆိုမြို့နယ်၊စစ်ဘေးရှောင်ကော်မတီ၏ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
“ စစ်ဘေးရှောင်တွေအတွက် နေရာပေးဖို့ စစ်ရှောင်စခန်းအခြေအနေကတော့ လောလောဆယ် အဆင်ပြေသလိုပဲထားထားရတယ်။ဥပမာ- ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာပဲ နေရာပေးရသေးတာပေါ့။ လိုအပ်မှုတွေကတော့ စားနပ်ရိက္ခာရယ်၊မိုးကာရယ်နဲ့မိန်းကလေး လစဥ်သုံးပစ္စည်းတွေလိုအပ်နေပါတယ် “ ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းစစ်ဘေးရှောင်များကို ဒီးမော့ဆိုမြို့နယ်တစ်နေရာတွင် ယာယီထားရှိကြောင်း သိရသည်။
လက်ရှိတွင် လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီတပ်များက ရိက္ခာနှင့် လက်နက်အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများပြုလုပ်လာသဖြင့် လွိုင်ကော်မြို့၌ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။