By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိနေသေးပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။
ဩဂုတ် ၁၈ ရက်တွင် ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းနေ့ညနေပိုင်း၌ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်တပ်စွဲနေသဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သည့် မြို့ခံအချို့နှင့် ရွှေဘိုမြို့နယ်ဘက်မှ လာရောက်စစ်ရှောင်သည့် ပြည်သူ တို့ရှိနေကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့ထံက သိရသည်။
” ပျူတွေ၊ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ စိုးမိုးတဲ့အတွက် လာရောက်တိမ်းရှောင်တဲ့သူတွေကို ကူညီပေးနေရတာရှိတယ်။ စစ်ဖြစ်လို့၊ လေကြောင်းပစ်လို့ ရှောင်ရတဲ့ အရေးပေါ်စစ်ရှောင်တော့ ကျတော်တို့နယ်မြေမှာမရှိဘူး” ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက MPAသို့ပြောသည်။
ရန်ပုံငွေနည်းပါးလာမှုကြောင့် ယခင်လို ကူညီထောက်ပံ့မှုမပေးနိုင်တော့သဖြင့် အခက်အခဲလိုအပ်ချက်များရှိနေကြောင်း၊နေရပ်မပြန်နိုင်သည့် စစ်ရှောင်များအနေဖြင့်လည်း နီးစပ်ရာလုပ်ငန်းများလုပ်ကိုင် ရပ်တည်နေကြရကြောင်း ၎င်းကပြောသည်။
” မြို့သိမ်းတိုက်ပွဲဖြစ်တော့ မြို့ပေါ်ကနေ အရေးပေါ်ထွက်ပြေးခဲ့ကြတာပေါ့။ အဲ့တုန်းက ကူညီနိုင်ကြတာပေါ့။ ခုကျ ကျတော်တို့ကူညီနိုင်မှုနည်းတာရော သူတို့ကိုယ်တိုင်ကလည်း ဖြစ်သလိုရပ်တည်နေကြရတော့ လိုအပ်တာတွေရှိနေဆဲပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
ဆောင်းရာသီရောက်ပြီဖြစ်သဖြင့် စစ်ဘေးရှောင်များသည် နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေးအဖြစ်များပြီး စောင်နှင့် အနွေးထည်တို့ လိုအပ်နေကြောင်း ၎င်းကပြောသည်။
” သူတို့အိမ်မှာ သူတို့နေနေရတဲ့ သာမန်ပြည်သူတောင် ဆေးဝါးလုံလောက်မှုမရှိဘူး။ သူတို့လည်း နီးစပ်ရာ ရွာက ဆေးကျွမ်းကျင်သူတို့ရဲ့ ကုသမှုနဲ့သွားရတယ်။ ဘယ်လိုမှမဖြစ်ဘူးဆိုရင် ကြီးမားတဲ့ ဆေးခန်းတွေသွားရတာမျိုးရှိတယ်။ ဒါလည်း အလုံးစုံကူညီပေးနိုင်မှုမရှိဘူး။ စရိတ်မျှပေးဆိုတဲ့ သဘောမျိုးနဲ့သွားရတယ်” ဟု ၎င်းကပြောသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီး စစ်ဘေးရှောင်ကြရသော မြို့ခံပြည်သူများသည် ဒီပဲယင်းမြို့ထဲသို့ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်ကြပြီးဖြစ်သော်လည်း အချို့မှာ ယနေ့အထိ ပြန်မဝင်ကြသေးပေ။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး PDF ရဲဘော် လေးဦးကျဆုံး ခဲ့သည်။
ဒီပဲယင်းမြို့ကို PDF တို့ သိမ်းပိုက်ပြီးနောက် Non CDM ဝန်ထမ်း ၄၀၊ အချုပ်သား ၂၀၊ ပြည်သူ ၇၂ဦးနှင့် အလံဖြူထောင်လက်နက်ချသည့် ပျူစောထီးနှစ်ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက သတင်း ထုတ်ပြန်ထားသည်။