By Sayar Ngaat /MPA
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်မှ စစ်ဘေးရှောင် ကလေးငယ် ၅၀၀ကျော် ပညာသင်ကြားနိုင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
အထက်ပါ စစ်ဘေးရှောင်ကလေးငယ်များ ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားနိုင်ရန် သွားရောက်စေချင်သော်လည်း ပညာသင်ကြားရေးစရိတ်၊ နေထိုင်စရိတ်နှင့် စားသောက်ရေးအတွက် ကူညီမှုမရှိသေးသဖြင့် အခက်အခဲဖြစ်နေခြင်းဖြစ်သည်ဟု Assistant Program for Education of Burmese Children (APEBC)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ထိုင်းဘက်အခြမ်းမှာ ကလေးတွေကိုခေါ်ထားမယ်ဆိုရင် နေထိုင်စားသောက်ရေးအတွက် ဘော်ဒါဆောင်လိုပုံစံမျိုးနဲ့ ဖွင့်နိုင်မယ့်နေရာမရှိသေးတာ၊ ပညာရေးမှာ တော်တော်လေးထူးချွန်တဲ့ ကလေးတွေရှိတယ်။ ကျတော်တို့က အကုန်လုံး မဆွဲထုတ်နိုင်တောင်မှ လေးငါးယောက်စီလောက် တစ်နေရာစီ ပညာသင်စေချင်တာ၊ ဒါပေမဲ့ သူတို့ကိုကူညီဖို့ကျ အကူအညီတွေကမရှိသေးတာဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေသည့် ကလေးများမှာ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ထီးဘောဂေါ်စစ်ဘေးရှောင်စခန်းအပါအဝင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများရှိ စစ်ဘေးရှောင်စခန်းနှစ်ခုမှ ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ယင်းအပြင် အချို့သော စစ်ဘေးရှောင်ကလေးများ၏ မိဘများသည် တိုက်ပွဲများအတွင် သေဆုံးခြင်းနှင့် စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပညာရေးနှင့်ပတ်သက်ပြီး ရင်းနှီးမှုများ မပြုလုပ်နိုင်သည့်အတွက် ကလေးငယ်များ ပညာသင်ကြားမှုမပြုလုပ်နိုင်ခြင်းလည်း ဖြစ်သည်။
” အခုကာလမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတိုင်းက ကလေးငယ်တွေအတွက် ပညာရေးက လက်လှမ်းမမီဘူးဖြစ်နေတယ်။ ကလေးငယ်တွေကို ပညာသင်ကြားပေးမဲ့ ဆရာ၊ ဆရာမရှိရင်တောင် စာအုပ်၊ ဘောပင်၊ အစရှိတဲ့ သင်ထောက်ထူပစ္စည်းတွေကို ပြည်သူအားလုံးကဝိုင်းဝန်းကူညီပေးသင့်ပါတယ်။ ကျတော်တို့မှာ ကျတော်တို့ပဲရှိတဲ့အတွက် အချင်းချင်းဖေးမပေးမှ အဆင်ပြေမှာပါ “ ဟု စစ်ကောင်စီကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ယင်းအပြင် ၂၀၂၁ခုနှစ် ၊ စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ တော်လှန်ရေးအရှိန် အားကောင်းနေသည့် စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်၏ မကြာခဏစစ်ကြောင်းထိုးမှုနှင့် သင်ထောက်ကူပစ္စည်း မလုံလောက်ခြင်းများကြောင့် ကလေးငယ်များသည် ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
” စစ်ကြောင်းလာရင်ကျောင်းတွေပိတ်ရ၊ ပြေးရ၊ စစ်ကြောင်းပြန်မှ စာတွေပြန်သင်ရတယ်။ ပြီးတော့ ကလေးတွေအတွက် အခြေခံပစ္စည်းတွေဖြစ်တဲ့ စာအုပ်တွေဆိုလည်း တော်တော်လေးခက်ခဲတယ်။ ပညာရေးဆိုပြီး ဘယ်လိုပဲ ပြောနေနေ လိုအပ်မှုက ရှိနေပါတယ် ” ဟု S&C မီးဘေး စစ်ဘေး ပညာရေး ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၁၆ရက်က စစ်ကိုင်းတိုင်း၊ ဒီဘယ်ရင်းမြို့နယ် ၊ လက်ယက်ကုန်ကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် ကလေးငယ် ၁၁ဦးထက်မနည်း သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံရှိ ကလေးများသည် ကြီးထွားလာသော ပဋိပက္ခ ၊ မလုံခြုံမှု ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာတိမ်းရှောင်မှု ၊ ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အရေးကြီးသော ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ၎င်းတို့၏ အနာဂတ်နှင့် ရှင်သန်မှုအပေါ် ကြီးမားစွာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း ၂၀၂၄ခုနှစ်အတွင်း UNICEF Myanmar၏ ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတစ်ရက်မှ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ၁၁ရက် အထိ အသက်မပြည့်ဘဲ ဖမ်းဆီးခံရသူ ၅၇၀ ဦးအထိ ရှိပြီး သေဆုံးခဲ့ရသူ ၆၆၀ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ သိရသည်။